ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီ အားကစားလေ့ကျင့်ရုံနှင့် ဝါဆိုရိုးရာခြင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက် တိုင်းဒေသကြီး ခြင်းလုံးအားကစားလေ့ကျင့်ရုံ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ထက်တို့က အားကစားရုံအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ခြင်းလုံးမျိုးဆက်သစ် လူငယ်များက မြန်မာ့ရိုးရာခြင်းလုံးအမွေအနှစ်ကို ဖော်ထုတ်သည့်အနေဖြင့် သျှောင်ကြီးဗွေခြင်းဝိုင်း သရုပ်ပြသနေမှုကို ကြည့်ရှုအားပေး၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုင်းအဖွဲ့နှင့် ခြင်းဝိုင်းသရုပ်ပြ အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ညနေပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၅ ခုနှစ် (၄၈)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် ၎င်းတို့၏ဇနီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရိသတ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး (၄၈)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ အသက်(၂၁)နှစ်အောက် ကာယဗလပြိုင်ပွဲ၊ အမျိုးသား (၆၀)ကီလို ကာယဗလပြိုင်ပွဲ၊ အမျိုးသား(၆၅)ကီလို ကာယဗလ ပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိ ကြသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို တာဝန်ရှိသူများက ချီးမြှင့်ကြသည်။
ဆက်လက်၍ အမျိုးသား(၇၀)ကီလို ကာယဗလပြိုင်ပွဲ၊ အမျိုးသား(၇၅)ကီလို ကာယဗလပြိုင်ပွဲ၊ အမျိုးသား(၇၅)ကီလိုတန်းအထက် ကာယဗလပြိုင်ပွဲ၊ Athletic Physique (၁၇၀) စင်တီမီတာ ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသား Athletic Physique (၁၇၀) စင်တီမီတာအထက် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ၊ အမျိုးသား Sport Physique (၁၇၀)စင်တီမီတာ ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသား Sport Physique (၁၇၀)စင်တီမီတာအထက် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသား Fitness Physique ကာယကြံ့ခိုင်မှုပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အမျိုးသမီး Model Physique (၁၆၀)စင်တီမီတာ ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသမီး Model Physique (၁၆၀)စင်တီမီတာအထက် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသမီး Athletic Physique ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသမီး Fitness Physique ကာယကြံ့ခိုင်မှုပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၏ ဇနီးများက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းတံခွန်စိုက်ဒိုင်း ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က တံခွန်စိုက်ဆု ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


