ရန်ကုန် ဒီဇင်ဘာ ၇ 

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အထပ်မြင့်အဆောက်အအုံများ၌ မီးလောင်မှုဖြစ်ပွားပေါ်ပေါက်ပါက အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ Time City Complex တို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ သဏ္ဌာန်တူဖြစ်စဉ်ဖွင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဒီဇင်ဘာ ၅ ရက်က Time City အတွင်း၌ဆောင်ရွက်သည်။

 

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ဦးဆောင်၍ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၂၁၀၊ ပိုလန်နိုင်ငံထုတ် အထပ်မြင့်အဆောက်အအုံများ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ခေတ်မီအဆင့်မြင့်ယာဉ်များ မီးသတ်ရေသယ်ယာဉ် ခြောက်စီး၊ Ambulance ယာဉ် သုံးစီးတို့ကို အသုံးပြုပြီး မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ Fireman Lift အသုံးပြု ဝင်ရောက်ခြင်းနှင့်အတူ 48 Meter Hydraulic Platform Vehicle အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းနှင့် မီးလောင်မှုအတွင်း ပိတ်မိနေသူများအား ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများအား နီးစပ်ရာဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း၊ LUF 60 နှင့် LUF NANO တို့ကို အသုံးပြု၍ မီးလောင်မှုအား တိုက်ရိုက်ငြှိမ်းသတ်ခြင်း၊ အပူရှိန်လျှော့ချခြင်းများကို သဏ္ဌာန်တူဖြစ်စဉ်ဖွင့် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)