၇ အောက်တိုဘာ
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ဂျဒ်ဆင်ဘုရားရှိခိုး ကျောင်းမျှော်စင် ဂျဒ်ဆင်ဘုရားရှိခိုးကျောင်းကို ၁၉၂၇-၃၀၊ ၁၉၃၁-၃၂ ခုနှစ်များတွင် ရန်ကုန်တက္ကသိုလ်၏ အဓိပတိအဖြစ် ဆောင်ရွက်သွားသော ဆာချားလ်စ်အလက်ဇင်းဒါး အင်းနစ်(Sir Charles Alexander Innes)က ၁၉၃၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် အုတ်မြစ်ချခဲ့သည်။
မြေပြင်မှနေ၍ မျှော်စင်ထိပ်အထိ လှေကားထစ်ပေါင်း ၁၈၀ ရှိသည်။ ယခင်က ရန်ကုန်မြို့ရှိ မျှော်စင်ထဲ၌ အမြင့်ဆုံး မျှော်စင်ဖြစ်သည်ဟု သိရသည်။
တက္ကသိုလ်ဘဝသရုပ်ဖော်သစ်ပုပ်ပင်ကြီး
တက္ကသိုလ်ဘဝသရုပ်ဖော် သစ်ပုပ်ပင်ကြီးသည် အဓိပတိလမ်း ဘွဲ့နှင်းသဘင်ခန်းမအနီး သိပ္ပံခန်းမရှေ့၌ တည်ရှိသည်။ ဤသစ်ပုပ်ပင်ကြီးသည် ရန်ကုန်တက္ကသိုလ်နယ်မြေတွင် အဆောက်အအုံများ မဆောက်ခင် ကတည်းက မရမ်းပင်၊ သစ်တိုပင်၊ ပိန္နဲပင်၊ သရက်ပင်ကြီးများနှင့် အတူရှိခဲ့သည်။ တစ်ခါက တက္ကသိုလ်၏ ပညာသင်နှစ်နှင့် ဤသစ်ပုပ်ပင်၏ ဘဝသည် တူညီခဲ့သည်။ ဇွန်လမိုးဦးကျ ပညာသင်နှစ်အစတွင် တက္ကသိုလ်နယ်မြေ၌ ကျောင်းသားကျောင်းသူများ တဖြည်းဖြည်းစုံလင်သည်ထက် စုံလင်လာသကဲ့သို့ သစ်ပုပ်ပင်ကြီးတွင်လည်း အရွက်များ စုံသည်ထက်စုံလာသည်။ စာမေးပွဲများ နီးကပ်လာသော ဒီဇင်ဘာလ၊ ဇန်နဝါရီလများရောက်သော် ဤသစ်ပုပ်ပင်ကြီးသည် သူ့အရွက်များကို တဖြည်းဖြည်းခြွချေခြင်းအားဖြင့် ကျောင်းသားများအား စာမေးပွဲရက်နီးသည်ထက် နီးလာပြီဖြစ်ကြောင်း သတိပေးလေတော့သည်။ သူ့ အရွက်များ တဖွဲဖွဲကြွနေသောအခါ ကျောင်းသား ကျောင်းသူများသည် စာမေးပွဲအတွက် အပြင်းအထန် ကြိုးစားကြကုန်သည်။
အပင်ကြီးတွင် သစ်ရွက်များကုန်လေသော် တက္ကသိုလ် နွေရာသီကျောင်းပိတ်ပြီဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများအားလုံးသည် သစ်ရွက်များအပင်ကြီးကို ဖယ်ခွာကြသကဲ့သို့ တက္ကသိုလ်နယ်မြေကို ဖယ်ခွာ၍ မိဘရပ်ထံသို့ ပြန်ကြတော့သည်။ နွေရာသီကုန်ဆုံး၍ မိုးဦးရာသီရောက်သည်နှင့်တစ်ပြိုင်နက် ဤသစ်ပုပ်ပင် ကြီး၌ သစ်ရွက်များ အစုံအလင်ထွက်ပြူလာသကဲ့သို့ တက္ကသိုလ်နယ်မြေတွင်လည်း စိန်ပန်းနီနီရဲရဲများနှင့်အတူ ကျောင်းသား ကျောင်းသူများလည်း ပြန်လည်စုဝေးရောက်ရှိ လာကြကုန်သည်။
ဤသစ်ပုပ်ပင်ကြီးကား တက္ကသိုလ် နယ်မြေ၏ မဆုံးနိုင်သောသံသရာကို ပြနေလေသည်။
တက္ကသိုလ်၏ ဘဝသရုပ်ဖော်သစ်ပုပ်ပင်ကြီးပေ တကားဟု စာရေးဆရာကြီး မြန်မာ့အသံ ဦးကျော်က ရေးသားခဲ့သည်ကို မှတ်သားခဲ့ရလေတော့သည်။
ယခုအခါ ဤသစ်ပုပ်ပင်ကြီး၊ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသည့် ဤရွက်ကြွပေင်ကြီးသည် ရန်ကုန် တက္ကသိုလ်ထက်ပင် သက်တမ်းရင့်ပြီး တက္ကသိုလ်၏ အဓိက သင်္ကတေတစ်ခုဖြစ်သည့်အတွက် ရန်ကုန်မြို့ပြ အမွေအနှစ် အဖွဲ့က အပြာရောင်ကမ္ပည်းတင်၍ မှတ်တမ်းတင်ခဲ့သည်ကို လည်း တွေ့ရှိခဲ့ရသည်။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းခန်းမ
ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်အဆောက် အအုံများကို ဧက ၄၀ဝ ရှိသော တက္ကသိုလ်နယ်မြေပေါ်၌ဆောက်လုပ်ခဲ့သည်။ ပထမအသုတ် ဆောက်လုပ်သော အဆောက်အအုံများကို ခြောက်နှစ်အတွင်း အပြီးဆောက် လုပ်ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသည် ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ယူစရာ တန်ဖိုး မဖြတ်နိုင်သော နေရာတစ်ခုဖြစ်ခဲ့လေတော့သည်။ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကြီးသည် စိမ်းစိုလှပသောပန်းပင်လေးများဖြင့် ပနံသင့်ပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံနေသည်ကို တွေ့မြင်ရပေတော့သည်။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ၁၉၃၁ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ရန်ကုန်တက္ကသိုလ် စာကြည့် တိုက်အဆောက်အအုံအတွက် သူဌေး ရေးဗဟာဒူးဘွဲ့ရ အက်စ်ရာမာနာသာရေးဒီယာနှင့် ဇနီးများဖြစ်သော ပါဗာ သီအယ်မယ် (ကွယ်လွန်)နှင့် နာလမ်မယ်လ်တို့က ငွေကျပ် နှစ်သိန်း လှူဒါန်းသည်။ ဤသို့ လှူဒါန်းခဲ့သည့်အတွက် အစိုးရက ထိုသူအား ဂုဏ်ထူးဆောင်ပါရဂူဒေါက်တာဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဤအဆောက်အအုံကို တက္ကသိုလ်အဓိပတိမြန်မာ ပြည်ဘုရင်ခံ ဆာဟားကုတ်ဘတ္တလာက ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အုတ်မြစ်ချခဲ့သည်။ ၁၉၃၀- ၃၁ ခုနှစ်တွင် ဤအဆောက်အအုံကို ဆောက်လုပ်ပြီးစီး သော်လည်း စာကြည့်တိုက်လုပ်ငန်းများကို ၁၉၂၈ ခုနှစ် ကတည်းက စခဲ့သည်ဟု ဆိုနိုင်၏။
ကော်မတီတစ်ခုဖွဲ့၍ အလှူရှင်များ လှူဒါန်းသောစာအုပ်များလက်ခံခဲ့သည်။ တက္ကသိုလ်နယ်မြေတွင် ယူနီ ဗာစီတီကောလိပ်စာကြည့်တိုက်၊ ဂျဒ်ဆင်ကောလိပ် စာကြည့်တိုက်ဟူ၍ ထိုကောလိပ်များကို တည်ထောင်စဉ် ကပင် ရှိခဲ့ကြသည်။ ထိုကောလိပ်စာကြည့်တိုက်နှစ်တိုက် သည် ကောလိပ်၌ သင်ရိုးညွှန်းတမ်းအရ သင်ကြားနေကြ သော ကျောင်းသား ကျောင်းသူများအတွက်လည်းကောင်း၊ ပို့ချနေကြသော ဆရာများအတွက်လည်းကောင်း ရည်ရွယ်သည်ဟု သိခဲ့ရသည်။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ သုတေသန လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြရန် ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် ကျောင်းသုံး၊ ကျောင်းသင်စာအုပ်များကို သိပ်မဝယ်ဘဲ မြန်မာနိုင်ငံ၏ ကမ္ပည်းကျောက်စာ၊ သမိုင်း ယဉ်ကျေးမှု၊ ရှေးဟောင်းစာပေ၊ အနုပညာဆိုင်ရာ စာအုပ်များ၊ အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံ များဆိုင်ရာ စာအုပ်များကိုလည်းကောင်း၊ ပေ၊ ပုရပိုက် များ ကိုလည်းကောင်း ဝယ်ယူစုဆောင်းခဲ့သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းတိုင်းပြည်များ၏ ယဉ်ကျေးမှု ကို လေ့လာရာတွင် အထောက်အပံ့ရစေရန်ဖြစ်သည်။ ထို့ကြောင့် နှစ်စဉ်စာအုပ်ဖိုးသက်သက် သုံးသောင်းကျော် သုံးစွဲခဲ့သည်ဟု သိရသည်။ ၁၉၄၀ ပြည့်နှစ်လောက်တွင် စာအုပ်ပေါင်း ၂၃၄၃၃ အုပ် ဝယ်ယူစုဆောင်းနိုင်ခဲ့သည်။ ထို စာအုပ်များသည် အလွန်ရှားပါး သော စာအုပ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ စာအုပ်များဖြစ်သည်။

ရန်ကုန်တက္ကသိုလ်အတွင်းရှိ ပဲခူးဆောင်
ပဲခူးဆောင်ကို ၁၉၂၈ ခုနှစ်တွင် ဆောက်လုပ်ပြီးစီး သည်ဟု သိရသည်။ မြန်မာ့သမိုင်းမှ ဥဿပဲခူးကို ရည်ညွှန်းမှည့်ခေါ်ခြင်းဖြစ်သည်။ ဆောက်လုပ်ပြီးချိန် ကတည်းက ကျောင်းဆောင်အဖြစ် အမြဲတမ်းအသုံးပြုခဲ့ သည်။ ပဲခူးကျောင်းဆောင်တွင် အောက်ပါပုဂ္ဂိုလ်များ ဆရာအဖြစ် အမှုထမ်းခဲ့သည်ကိုလည်း မှတ်တမ်းများအရ သိရှိရသည်-
၁၉၂၈ - ၂၉ ဗိုလ်မှူးချုပ်မောင်မောင်ကျော်ဝင်း၊ အဆောင်နည်းပြဆရာ၊
၁၉၂၉ - ၃၀ ဦးသိန်းဟန် (ဇော်ဂျီ)၊ အဆောင်နည်းပြဆရာ၊
၁၉၃၄ - ၃၅ ဦးဝန်(မင်းသုဝဏ်)၊ အဆောင်နည်းပြဆရာ၊
ဝန်ကြီးချုပ်အကြံပေးအရာရှိဟောင်း ဦးအုံး၊ အဆောင်နည်းပြဆရာ၊
၁၉၃၅ - ၃၆ ပါဠိဦးလှအောင်၊ အဆောင်မှူး၊
၁၉၅၃ - ၅၉ ဦးကျော်ရင် (ကွယ်လွန်သူမန်းတက္ကသိုလ်ပါမောက္ခချုပ်) အဆောင်မှူး။ ကျောင်းသားဘဝက အောက်ပါပုဂ္ဂိုလ်များ နေထိုင်ခဲ့ ကြသည်ကို မှတ်တမ်းများအရ သိရှိခဲ့ရသည် -
၁၉၂၈-၂၉ ဦးသိန်းဟန် (ဇော်ဂျီ)၊ အင်္ဂလိပ်စာ ပါမောက္ခ ဦးမျိုးမင်း၊ ၁၉၂၉-၃၀ ဦးဝန်(မင်းသုဝဏ်)၊ ၁၉၃၄-၃၅ ဗိုလ်မှူးကြီးဘာဘာ (ရေ)၊ ဗိုလ်မှူးကြီး မောင်မောင်ရှင် (လေ)၊ ဦးလှရွှေ (မန်းတက္ကသိုလ်ပါမောက္ခ ချုပ်)၊ သမိုင်းပါမောက္ခ ဦးတင်အုံး၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၊ လက်ရွေးစင်ဘောလုံးသမား မောင်ဝင်း (အဆောင်သဟာယ နှင့် စာဖတ်အသင်းဥက္ကဋ္ဌဌ)၊ သံအမတ်ကြီး ဦးလှမောင်၊ သံအမတ်ကြီး ဦးဖေခင်၊ ၁၉၃၆-၃၇ ဗိုလ်ချုပ်အောင်ဆန်း(သဟာယနှင့်စာဖတ်အသင်းဥက္ကဋ္ဌဌ)၊ မန်းတက္ကသိုလ် ပါမောက္ခချုပ် ဦးလှရွှေ၊ အတွင်းဝန် ဦးထွန်းရှိန်၊ ၁၉၃၉-၄၀ ဦးထွန်းတင် (မန်းတင်)၊ တက္ကသိုလ်ထင်ကြီး၊ ၁၉၄၀-၄၁ တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးမောင်ရွှေ၊ ဗိုလ်စိုးမောင် (ဗ.က.ပ) ရုပ်ရှင်ဒါရိုက်တာဗိုလ်ဗကို၊ ၁၉၄၇-၄၈ တက္ကသိုလ်နန္ဒမိတ်။
ယခုအခါ ဗိုလ်ချုပ်အောင်ဆန်းကျောင်းသားဘဝက နေထိုင်ခဲ့သော ပဲခူးဆောင် အခန်းနံပါတ် ၁၁၃ ၌ ဗိုလ်ချုပ်အောင်ဆန်းအသုံးပြုခဲ့သည့် ခုတင်၊ စားပွဲ၊ ဗီရို၊ သေတ္တာ၊ ဆောင်းခဲ့သောထီး၊ မှတ်တမ်းဓာတ်ပုံများကို တွေ့ရှိခဲ့ရသည်။
အဓိပတိလမ်း
ရန်ကုန်တက္ကသိုလ်၏ အထင်ကရနေရာများတွင် အဓိပတိလမ်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။ စာရေးဆရာကြီးများ၊ နိုင်ငံတော်အဆိုတော်ကြီးများက လည်း ရန်ကုန်တက္ကသိုလ်နှင့်စပ်လျဉ်း၍ စာများ၊ တေးသီ ချင်းများရေးဖွဲ့ရာတွင် အဓိပတိလမ်း အကြောင်းသည် လည်း မပါမဖြစ် ပါရှိခဲ့ရလေတော့သည်။ အဓိပတိ လမ်းဘေး ဝဲ၊ ယာ တစ်လျှောက်တွင် ပင်းယဆောင်၊ သထုံဆောင်၊ ပဲခူးဆောင်၊ မန္တလေးဆောင်၊ သိပ္ပံဆောင် များ တည်ရှိပြီး ခရေ၊ ပိတောက်၊ စိန်ပန်း၊ သစ်ပုပ်ပင်များ ကလည်း ကျောင်းသား ကျောင်းသူများအတွက် အရိပ်ရ စေရုံသာမက စိတ်ကိုလည်း ကြည်နူးလန်းဆန်းစေပါ သည်။
အဓိပတိလမ်းမကြီး အရှေ့တည့်တည့်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအား တွေ့မြင်ရ သည့်အတွက် ကျောင်းသား ကျောင်းသူများအတွက် ရင်ခုန်စိတ်လှုပ်ရှားစေပါသည်။ အဓိပတိလမ်းမနှင့် တွဲဖက်၍ စစ်ကိုင်းလမ်း၊ ဂျဒ်ဆင်လမ်းတို့သည်လည်း ကျောင်းသား ကျောင်းသူများအား ဆွဲဆောင်ရာနေရာ တစ်ခုဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အတွက် မှတ်စု၊ မှတ်တမ်းများ လေ့လာရင်း၊ ဓာတ်ပုံများလှည့်လည် ရိုက်ကူးရင်း တစ်ခါတုန်းက သူငယ်ချင်းများနှင့် အပူ အပင်ကင်းစွာ ပျော်ရွှင်ခဲ့ကြသည်များကို မြင်ယောင် တမ်းတမိရင်း ……။
သတင်း၊ ဓာတ်ပုံ ဇော်မင်းလတ် (MNA)ဒဿနိကဗေဒ


