မောင်သုတ

 

မကြာသေးမီကာလအတွင်း တက်စလာ ကုမ္ပဏီ၏ စီအီးအိုအီလွန်မတ်စ်က ရေဖြင့် မောင်းနိုင်သည့်ကား တစ်နည်းအားဖြင့် ရေထည့်ပြီးမောင်းနှင်သည့် အင်ဂျင်ကို တီထွင်လိုက်ပြီဆိုသည့်အကြောင်းက လူမှုကွန်ရက် မျက်နှာစာတွင် လှုပ်ခတ်သွားခဲ့သည်။ အချက်အလက် စိစစ်ရေး ဝက်ဘ်ဆိုက်များက တင်ထားသည့်ပုံနှင့် ရေးထားသည့် အကြောင်းအရာတို့ကို စိစစ်ပြီး သတင်းမှားတစ်ခုဖြစ်ကြောင်း ထောက်ပြ သတိပေးခဲ့ကြသော်လည်း မူရင်းသတင်းမှားလောက် ပျံ့နှံ့နိုင်စွမ်း မရှိကြောင်းကိုလည်း တွေ့ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ထိုဖြစ်စဉ်သည် သယ်ယူပို့ဆောင်ရေးလောကအတွင်း အဓိကဦးဆောင်နေသည့် ရုပ်ကြွင်းလောင်စာ အင်ဂျင်တို့ကို အစားထိုးမည့် နည်းပညာသစ်ကို လူအများစု စိတ်ဝင်စားကြကြောင်း ပြသခဲ့သည်ဟုတော့ ဆိုနိုင်သည်။

 

အိပ်မက်ဆိုးထဲတွင် ပြေးနေမှန်းမသိဘဲ ပြေးနေကြသော လူသားတို့သည် ၂၀ ရာစုနှောင်း ပိုင်းနှင့် ၂၁ ရာစု အစောပိုင်း ကမ္ဘာကြီးပူနွေးလာမှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှု၊ မြို့ကြီးများ တွင် မြင်တွေ့လာရသော ထိတ်လန့်ဖွယ်ရာ မီးခိုး မြူများ အစရှိသည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲ မှုများနှင့် ရင်ဆိုင်လာရချိန်တွင်မှ နိုးထရကောင်း မှန်း စတင်သိလာကြပြီ။ သို့သော် လုံးလုံးနိုးထသည် တော့မဟုတ်။ နိုးတစ်ဝက် အိပ်တစ်ဝက်သာ။ ထို နိုးတစ်ဝက် အိပ်မက်များထဲတွင် လက်ရှိ ခေတ်ရှေ့အပြေးဆုံးဖြစ်နေသည်က ရှေးရိုးပေါက်ကွဲအားသုံး အင်ဂျင်များနေရာတွင် အစားထိုးလာသည့် ဘက်ထရီ နည်းပညာများဖြစ်သည်။

 

တကယ်တော့ ကားလောကကို ရာစုနှစ်တစ်ခုကျော် စိုးမိုးထားသည့် ရုပ်ကြွင်းလောင်စာတို့ကို အန်တုနိုင်မည့် လျှပ်စစ်နည်းပညာကို စတင်ကြိုးပမ်းခဲ့ကြသည်မှာ ၁၉ ရာစု နှောင်းပိုင်းကတည်းကပင်။ ဖို့ဒ်ကားလုပ်ငန်းကို တည်ထောင်ခဲ့သည့် ဟင်နရီဖို့ဒ် ၏ “လူထုအတွက် မော်တော်ကားတစ်မျိုးကို ကျုပ်တည်ဆောက်မယ်”ဆိုသည့် ကြုံးဝါးသံနှင့် စတင်ခဲ့သော အားထုတ်မှုသည် သူ၏ သယ်ယူပို့ဆောင်ရေးလောကအတွက် မော်တော်ကားတို့၏ အနာဂတ်ကို ကြိုတင်မြင်နိုင်စွမ်းအပြင် ရုပ်ကြွင်းလောင်စာထည့်ပေးရသည့် ပေါက်ကွဲအားသုံး အင်ဂျင် (ICE) တို့၏ အားထားရနိုင်မှု၊ စရိတ်သက်သာမှုနှင့် အမြောက်အမြားထုတ်လုပ်ရန် လွယ်ကူမှုတို့ကိုပါ ကြိုမြင်နိုင်စွမ်း ရှိခဲ့ပုံရသည်။ တကယ်လည်း ဓာတ်ဆီ၊ ဒီဇယ် မော်တော်ကားတို့သည် လူအများ အကြိုက်ဖြစ်ခဲ့၏။

 

ယနေ့ခေတ်သို့ ရောက်လာချိန်တွင် အခြားရာသီဥတုဖောက်ပြန်မှုများကို ဂရုမစိုက်ကြသည့် လူသားတို့သည် သူတို့ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လာရသည့် မြို့ကြီးများပေါ်မှ မီးခိုးမြူများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတို့ကိုတွေ့တော့မှ ရုပ်ကြွင်းလောင်စာမှီခိုမှုအပေါ် စိုးရိမ်စိတ် စတင်ဝင်ရောက်လာစေသည်ဟု မြင်ရသည်။ တစ်ဖက်က စိုးရိမ်မှုနှင့် တစ်ဖက်က နည်းပညာ တိုးတက်မှုတို့ ပေါင်းစပ်သွားချိန်တွင် ၂၁ ရာစု ဒုတိယ ဆယ်စုနှစ်မှစတင်ကာ ကမ္ဘာ့ကားဈေးကွက်၌ EV ဟု လူသိများသော လျှပ်စစ်ကားများ ဈေးကွက် မြင့်တက်လာပြီး ထွန်းကားလာသော ဈေးကွက်သစ်ကြောင့် EV ကား ထုတ်လုပ်သည့်လုပ်ငန်းများ အပြိုင်အဆိုင် တိုးတက်လာသလို ဈေးလည်း ထိုက်သင့်သလောက်ကျဆင်းပြီး ဈေးကွက်လည်း ကြီးသည်ထက် ကြီးလာသည်ကို မြင်တွေ့ခဲ့ရသည်။

 

ဘက်ထရီနည်းပညာ - ပစ္စုပ္ပန်နှင့် အနာဂတ်

ယခုကဲ့သို့လျှပ်စစ်ကားများ လူကြိုက်များလာ ပြီးဈေးကွက်ကြီးမားလာရာတွင် တက်စလာ စီအီးအို အီလွန်မတ်စ်ကို ချန်ထားခဲ့၍မရ။ “ရေရှည်ခံ စွမ်းအင်တွေဟာ ဘာမဆို ဖြစ်လာစေနိုင်တယ်” ဆိုသည့် သူ၏ ကမ္ဘာကျော်စကားနှင့်အတူ လူကြိုက်နည်းလှသေးသည့် လျှပ်စစ်ကားနည်းပညာနှင့် ဈေးကွက်ကို မိုက်မိုက်မဲမဲဟု ဆိုရလောက်အောင် တိုးဝင်ထိုးဖောက်ခဲ့သူက မတ်စ်ဖြစ်သည်။ ယခုအချိန် တွင်တော့ မတ်စ်၏ တက်စလာသည် အမေရိကန် ဈေးကွက်အတွင်း ဂျင်နရယ်မော်တာ၊ ဖို့ဒ် စသည့် လုပ်ငန်းများ၏ အားပြိုင်မှု၊ ကမ္ဘာ့ဈေးကွက်အတွင်း တရုတ် EV ကား ဘီဝိုင်ဒီ၏ ပခုံးချင်းယှဉ်လာမှု၊ ဗောက်စ်ဝက်ဂွန်း၊ ဟွန်ဒိုင်း၊ ကီယာတို့လို ရုပ်ကြွင်း လောင်စာကားလောက၌ နာမည်ရပြီးသား လုပ်ငန်းများအပြင် ရီဗီယန်၊ လူးစစ်တို့လို တက်သစ်စ EV ကား ထုတ်လုပ်ရေးလုပ်ငန်းသစ်များ၏ ဈေးကွက် ခွဲဝေယူမှုတို့နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

 

လျှပ်စစ်ကားများနှင့် ဓာတ်ဆီ/ဒီဇယ်ကားများ ကွာခြားချက်မှာ ဓာတ်ဆီ/ဒီဇယ်ကားများတွင် အင်ဂျင်သည် အခရာကျပြီး လျှပ်စစ်ကားများတွင် ဘက်ထရီက အခရာကျခြင်းဖြစ်သည်။ အင်ဂျင်နေရာတွင် အစားထိုးဝင်လာသည့် လျှပ်စစ်မော်တာများမှာ နည်းပညာအားဖြင့် ဘက်ထရီလောက် အရေးမကြီးတော့။ လောလောဆယ် လျှပ်စစ်ကားများ၌ သုံးနေသည့် ဘက်ထရီနည်းပညာများမှာ NMC ဟုခေါ်သော နီကယ်မဂ္ဂနိစ် ကိုဘော့ နည်းပညာ၊ NMCA ဟု ခေါ်သော နီကယ်မဂ္ဂနိစ် ကိုဘော့ အလူမီနီယံနည်းပညာနှင့် LFP ဟုခေါ်သည့် လစ်သီယမ် အိုင်းယွန်းဖော့စဖိတ် နည်းပညာတို့ဖြစ်သည်။ လက်ရှိကမ္ဘာ့ဈေးကွက်ကို ဦးဆောင်နေသော တက်စလာနှင့် ဘီဝိုင်ဒီတို့တွင် တက်စလာကို ထိုနည်းပညာ သုံးခုစလုံးသုံးပြီး ဘီဝိုင်ဒီက ဈေးအသက်သာဆုံးဖြစ်သည့် LFP နည်းပညာကို သုံးထားသည်။

 

ထိုနည်းပညာများတွင် အစွမ်းအထက်ဆုံးက NMC ။ စွမ်းအင်သိုလှောင်နိုင်စွမ်း အမြင့်ဆုံးဖြစ်သည်။ ထို့ကြောင့် ခရီးဝေးဝေး ပိုသွားနိုင်ပြီး အပူထွက်နှုန်းလည်း မြင့်မားသည်။ အပူထွက်နှုန်းကို ထိန်းသိမ်းရန် နောက်ထပ်နည်းပညာများ သုံးရသည်။ တက်စလာက ထိုနည်းပညာကို ဈေးကြီးသော ဇိမ်ခံကားများအတွက် သုံးသည်။ NMCA မှာ မြေရှားသတ္တုဖြစ်သည့် ကိုဘော့နေရာတွင် အလူမီနီယံကို တစ်စိတ်တစ်ပိုင်း ထည့်သွင်း အသုံးပြုထားသည့်အတွက် အသုံးပိုတည့်သည့် နည်းပညာဟု ဆိုနိုင်သည်။ တက်စလာ၏ အနာဂတ် နည်းပညာများထဲမှ တစ်ခုဖြစ်သည်။ အပူထွက်နှုန်းနည်းသွားပြီး စွမ်းအင်သိုလှောင်မှု အနည်းငယ် လျော့သွားသည်မှလွဲ၍ NMC အောက် နိမ့်ကျမှုမှာ သိပ်များများစားစားမရှိ။

 

LFP မှာမူ လက်ရှိ ကမ္ဘာ့ EV ကားလောကတွင် အသုံးအများဆုံး ဘက်ထရီနည်းပညာဖြစ်သည်။ စွမ်းအင် သိုလှောင်နိုင်စွမ်းမှာ NMC၊ NMCA တို့အောက် လျော့နည်းသော်လည်း ဓာတ်အားဖြည့် စခန်းများ အစဉ်လိုက် တိုးချဲ့ဆောက်လုပ်ခြင်းဖြင့် ထိုအားနည်းချက်ကို ကာကွယ်နိုင်သည်။ အားသာချက်မှာ ဘက်ထရီ သက်တမ်းပိုရှည်ခြင်းဖြစ်သည်။ ထို့ကြောင့် စွမ်းအင်သိုလှောင်နိုင်စွမ်း တိုးလာအောင် တီထွင်ကြံဆရင်း တိုးတက်လာနေသည့် အနာဂတ် နည်းပညာဖြစ်သည်။ အားနည်းချက်တစ်ခုမှာ NMC၊ NMCA တို့နှင့်ယှဉ်လျှင် အားသွင်းချိန် ကြာမြင့်ခြင်း ဖြစ်သည်။ ကြာသည်ဆိုသော်လည်း သိပ်ကွာလှ သည်တော့မဟုတ်။ NMC ၊ NMCA တို့က အားပြည့် ရန် မိနစ် ၂၀ အချိန်ယူရသည်ဆိုလျှင် LFP က နာရီ ဝက် အချိန်ယူရသည်မျိုးဖြစ်သည်။ တက်စလာ၏ နောက်ဆုံးနည်းပညာဖြစ်သည့် လစ်သီယမ် အိုင်းယွန်း 4680 နည်းပညာမှာ အကောင်းဆုံးဟု သတ်မှတ်ခံ ထားရသည်။

 

အနာဂတ် ဘက်ထရီ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာရှိသည့် နည်းပညာနှစ်မျိုး စမ်းသပ်နေသည်။ တစ်နည်းမှာ ဓာတ်ခဲခြောက်နည်းပညာဖြစ်သည်။ ယင်းမှာ အရပ်ခေါ် ဓာတ်ခဲခြောက်နှင့်တော့မတူ။ လစ်သီယမ်အိုင်းယွန်းများသည် အရပ်ခေါ် ဓာတ်ခဲခြောက်ဖြစ်ပြီးသား။ သို့သော် အီလက်ထရုတ် ဟုခေါ်သည့် ဘက်ထရီငုတ်များအတွက် လစ်သီယမ် ဆားပျော်ရည်သုံးပြီး အခြောက်ခံထားရသည်။ အနာဂတ်နည်းပညာမှာ လစ်သီယမ် ဆားပျော်ရည်နေရာတွင် အမှုန့်သုံးဖို့ နည်းလမ်းဖြစ်သည်။ အမှုန့်သုံးနိုင်လျှင် အခြောက်ခံချိန် သက်သာသည့်အပြင် စွမ်းအင်သိုလှောင်နိုင်စွမ်းကိုပါ ပိုမိုမြှင့်တင်နိုင်မည် ဟုဆိုသည်။ ထုတ်လုပ်မှု ပိုမိုမြန်ဆန်သလို ထုတ်လုပ်မှု ကုန်ကျစရိတ်လည်း ကျဆင်းသွားမည်ဖြစ်ရာ ကားဈေးနှုန်းကိုပါ ချပေးနိုင်မည့် နည်းပညာဖြစ်သည်။

 

နောက်ထပ် နည်းပညာတစ်ခုမှာ Solid State ဘက်ထရီများဖြစ်သည်။ ကွန်ပျူတာနှင့် ရင်းနှီးကျွမ်း ဝင်သူဆိုလျှင် ရှေးရိုးဟာ့ဒ်ဒရိုက်(HDD)များမှ ဆောလစ်စတိတ်ဒရိုက် (SSD)သို့ အကူးအပြောင်းကို ကောင်းစွာ သိနိုင်ပါသည်။ ဆောလစ်စတိတ် နည်းပညာကို ရှင်းပြဖို့ ခက်ခဲသော်လည်း SSD များ တွင် သုံးထားသည့် နည်းပညာကို ဘက်ထရီများ တွင် ယူသုံးသည်ဟု မှတ်ထားလျှင် အလုံးစုံမမှန် သည့်တိုင် မမှားနိုင်ပါ။ ထိုနည်းပညာမှာလည်း အီလက်ထရုတ်များနေရာတွင် ဆားပျော်ရည်၊ အမှုန့် တို့ မသုံးဘဲ ဆောလစ်စတိတ်များ သုံးမည့်နည်းလမ်းဖြစ်သည်။ လက်ရှိ တက်စလာကုမ္ပဏီနှင့် မက်စ်ဝဲလ် ကုမ္ပဏီတို့ ပေါင်းပြီး သုတေသနပြုလုပ်နေရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်နေပြီဟုဆိုသည်။ ရှေ့ကပြောခဲ့သည့် ဓာတ်ခဲခြောက်နည်းပညာထက်တော့ ခြေလှမ်းအနည်းငယ်သာနေပြီဟု ဆိုနိုင်သည်။ ယင်းမှာ တက်စလာဘက်က ချပြထားသော အနာဂတ်နည်းပညာများသာ။

 

ဟိုက်ဒရိုဂျင် လောင်စာဆဲလ်

တကယ်တော့ ကားလောကတွင် ရှေးရိုးရုပ်ကြွင်းလောင်စာတို့ကို အန်တုနေသည်မှာ ဘက်ထရီနည်းပညာ တစ်ခုတည်းတော့မဟုတ်။ ဘက်ထရီနည်းပညာတွင် နောက်မှပေါ်သည့် ရွှေကြာပင်များဖြစ်သည့် တက်စလာတို့၊ ဘီဝိုင်ဒီတို့က ဦးဆောင်ပြီး ဖို့ဒ်တို့၊ ဂျီအမ်တို့၊ ဗောက်စ်ဝက်ဂွန်းတို့ နောက်မှလိုက်နေရသော်လည်း နောက်ထပ် နည်းပညာတစ်မျိုးဖြစ်သည့် ဟိုက်ဒရိုဂျင် လောင်စာ ဆဲလ်နည်းပညာတွင်မူ လက်ရှိ ကမ္ဘာ့ကားဈေးကွက် တွင် ဈေးကွက်၏ ၁၁ ရာခိုင်နှုန်းနီးပါး ယူထားပြီး ထိပ်ဆုံးမှ ဦးဆောင်နေသည့် တိုယိုတာက တစ်ကောင် တည်းပြေးသော မြင်းဖြစ်နေသည်။ တက်စလာ စီအီးအို အီလွန်မတ်စ်က လောင်စာဆဲလ်ကို ဖျူရယ်ဆဲလ်ဟု အသံမထွက်ဘဲ ဖူးလ်ဆဲလ်ဟု အသံထွက်ပြီး ရူးမိုက်မှုတစ်ခုပုံစံမျိုး လှောင်ပြောင်ထား သဖြင့် တိုယိုတာသည် တက်စလာ လာရှုပ်မည်ကို စိုးရိမ်စရာမလိုတော့။

 

ဟိုက်ဒရိုဂျင် လောင်စာဆဲလ် နည်းပညာမှာ ဆဲလ်၏ အဖိုငုတ်ဘက်ခြမ်းကို ဟိုက်ဒရိုဂျင်ပေးသည်။ ထိုဟိုက်ဒရိုဂျင်သည် ပရိုတွန်နှင့် အီလက်ထရွန်များအဖြစ် ကွဲထွက်သွားပြီး အဖိုငုတ်နှင့် အမငုတ်ကြားရှိ အီလက်ထရိုလိုက် ကြားခံများက ပရိုတွန်ကိုသာ ဖြတ်ခွင့်ပေးသည်။ အီလက်ထရွန်များက ပြင်ပ လျှပ်စီးပတ်လမ်းထဲရောက်ပြီး လျှပ်စစ်ထွက်ပေါ်သည်။ အမငုတ်တွင် ပရိုတွန်များသည် အီလက်ထရွန်၊ အောက်ဆီဂျင်တို့နှင့်ပေါင်းကာ ရေဖြစ်သွားသည်။ ထို့ကြောင့် လောင်စာဆဲလ်သမားများက လောင်စာ ဆဲလ်၏ ဘေးထွက်ပစ္စည်းမှာ ရေသက်သက်ဖြစ်၍ အန္တရာယ်မရှိဟု ဝင့်ကြွားကြခြင်းဖြစ်သည်။

 

လောင်စာဆဲလ်၏ အားနည်းချက်မှာ ယနေ့တိုင် ဈေးကြီးနေခြင်းဖြစ်သည်။ သို့သော် ခရီးဝေးသွားရာတွင်မူ အလွန်အသုံးဝင်သည်။ ထို့ကြောင့် တိုယိုတာက အိမ်စီးကားများထက် ထရပ်ကားများအပြင် လေယာဉ်များနှင့် သင်္ဘောများအထိ ရည်မှန်း ထားခြင်းဖြစ်သည်။

 

အနာဂတ် နည်းပညာများ

သုံးရလည်းလွယ်၊ ထုတ်ရလည်းလွယ်၊ တစ်ချိန်တွင် ကုန်သွားမည်ဟု သတိပေးချက်များရှိသော်လည်း ယနေ့တိုင် အလျှံပယ်ရနေသည့် ရုပ်ကြွင်းလောင်စာတို့ကို ထုတ်လုပ်ဖို့လည်းခက်၊ လမ်းသစ် ဖောက်စရာလည်း လိုနေသေးသည့် နည်းပညာသစ်များက အန်တုနိုင်နေကြသည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ဆိုသည့် ခေါင်းစဉ်ကြောင့်သာဖြစ်သည်။ ‘တစ်ချိန်တွင် ရုပ်ကြွင်းလောင်စာများ ကုန်သွားလျှင် ’ဆိုသည့် လက်တွေ့ကြုံရမည့် ဖြစ်စဉ်အတွက် ကြိုတင်ပြင်ဆင်ခြင်းလည်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ခေါင်းစဉ်အောက်တွင် EV ကားများသည် လုံးဝသန့်ရှင်းနေပြီလား၊ သူတို့လောက စကားနှင့်ပြောလျှင် ကာဗွန်ခြေရာပျောက်ပြီလားဟုမေးလျှင် ထိုအနေအထားသို့ မရောက်သေးပါ။

 

လျှပ်စစ်ကားများအတွက် လျှပ်စစ်ကို လေအားလျှပ်စစ်နှင့် နေရောင်ခြည်သုံး လျှပ်စစ်၊ ပင်လယ်ဒီလှိုင်းသုံး လျှပ်စစ်ထုတ်လုပ်ရေးများနှင့် ချိတ်တွဲသုံး လျှင်တော့ တော်တော်လေး ခြေရာပျောက်သွားပြီဟု ဆိုနိုင်သည်။ သို့တိုင် လစ်သီယမ်၊ ကိုဘော့တို့လို မြေရှားသတ္တုများကို ဘက်ထရီထုတ်လုပ်မှုတွင် သုံးနေရသည့်အတွက် သတ္တုတူးဖော်မှုနှင့် သန့်စင်မှုတို့ဘက်သို့ကြည့်လျှင်မူ ခြေရာလုံးဝပျောက်သွားဖို့ မလွယ်ကြောင်း တွေ့လိမ့်မည်။ ထို့ကြောင့် ဆိုဒီယမ် အိုင်းယွန်းလို ပေါပေါရပြီး ဘေးထွက်ဆိုးကျိုးမရှိသည့် နည်းလမ်းများဖြင့် ဘက်ထရီထုတ်လုပ်ရေးကို စတင်ကြံဆနေကြပြီဖြစ်သည်။

 

လောင်စာဆဲလ်တွင်လည်း အလားတူပင်။ လက်ရှိဟိုက်ဒရိုဂျင်ကို သဘာဝဓာတ်ငွေ့မှ ထုတ်သည့် နည်းပညာတွင် မီသိန်းဓာတ်ငွေ့နှင့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့အများအပြား ထွက်နေသေးသည်။ ထုတ်လုပ်မှုတွင် ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖမ်းထိန်းထားခြင်းဖြင့် သန့်စင်သောထုတ်လုပ်မှု ဖြစ်အောင်လုပ်နိုင်နေပြီ။ သို့သော် ရုပ်ကြွင်းလောင်စာ ကို အားကိုးနေရဆဲ။ ပြန်ပြည့်မြဲ စွမ်းအင်များမှ ရရှိသည့် လျှပ်စစ်ဖြင့် ကျွန်တော်တို့ ငယ်စဉ်ကတည်းက သိပ္ပံတွင် သင်ခဲ့ရသည့် Electrolysis နည်းကိုသုံးကာ ရေမှ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်ကိုခွဲပြီး ထုတ်လုပ်မှုကို များများစားစား ထုတ်လုပ်နိုင်အောင် ကြိုးစားနေကြပြီဖြစ်သည်။ ။

 

Ref: Daily Mail