သာစည်မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ငွေကျပ် ၁၀၅ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဒသမ ၈၆ သန်းနှင့် ခဲယမ်းများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဩဂုတ် ၃၀

 

 

သာစည်မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် ငွေကျပ် ၁၀၅ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဒသမ ၈၆ သန်းနှင့် ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

 

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၃ ရက် နံနက် ၁၀ နာရီတွင် သာစည်မြို့နယ်၊ တောင်ကြီး-သာစည်သွား ကားလမ်း၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ကျော်ဇင်ထွန်း မောင်းနှင်ပြီး ထွန်းဝေ(ခ)ဖိုးဇကာ လိုက်ပါလာသည့် NISSAN ၁၈ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေရာ ကျောက်မီးသွေးမှုန့်များဖြင့်  ဖုံးအုပ်သယ်ဆောင်လာသည့် အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၉ သန်းနှင့် 7.62 ကျည်တောင့် ၂၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဩဂုတ် ၁၄ ရက် ညနေ ၃ နာရီတွင်  သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ကိုထွန်း (ခ) ထွန်းမင်းလတ်နှင့် ကျော်လှိုင် (ခ) ကိုကိုလှိုင်တို့ကို ဒက္ခိဏသီရိမြို့နယ်၊ (၂၀၁)မိုင်စစ် ဆေးရေးဂိတ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း။

 

 

စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ်၊ အင်ကြင်းမြိုင်လမ်းရှိ နေအိမ်တွင် ဝင်းထွန်းဦးကို စိတ်ကြွရူး သွပ်ဆေးပြား ၁ ဒသမ ၈၆ သန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄ ဒသမ ၈ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၁၀၅ ဒသမ ၃၇ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက် တမင်း) ၃ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဒသမ ၈၆ သန်းနှင့် 7.62 ကျည်တောင့် ၂၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

သတင်းစဉ်