ဘားအံ ၂၀ ဖေဖော်ဝါရီ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သစ်သီးဝလံများဖြင့် သစ်သီးယို၊ ဖျော်ရည်၊ ဝိုင်၊ ဂျယ်လီမျိုးစုံ၊ ဆော့ပြုလုပ်နည်း သင်တန်းကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက်ထိ သင်ကြားပို့ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် သစ်သီးဝလံများမှ ထုတ်လုပ်သည့် စားသောက်ကုန်များဖြစ်သော သင်္ဘောသီး (ချဉ်စပ်၊ အချဉ်) ယိုထိုးနည်း၊ ဇီးသီးအစိမ်း ဆားရေစိမ်နည်း၊ ခရမ်းချဉ်သီးဆော့ ပြုလုပ်နည်း၊ ကျောက်ဖရုံယိုထိုးနည်း၊ ရှောက်ပျားရည် ပြုလုပ်နည်း၊ သရက်သီးအစိမ်း ယိုထိုးနည်း၊ ငှက်ပျောဝိုင်ပြုလုပ်နည်း၊ ဖျော်ရည် C Plus ပြုလုပ်နည်း၊ မန်ကျည်းတော်ဖီ ပြုလုပ်နည်း၊ ဂျယ်လီပြုလုပ်နည်းနှင့် သစ်သီးဖျော်ရည်များ ပြုလုပ်နည်းများကို သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဘားအံခရိုင် အတွင်းရှိ မြို့နယ်များမှ သင်တန်းသူ ဦးရေ ၂၀ တက်ရောက် သင်ကြားယူခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းဆင်းအောင်လက်မှတ်များ ထုတ်ပေးခဲ့သည်။
အဆိုပါသင်တန်းကို ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသေးစား ကုန်ထုတ်မှု လုပ်ငန်းဖြင့် အသက်မွေးဝမ်ကြောင်း အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


