မုံရွာ ၁၁ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တိုင်းဒေသကြီး အားကစားကွင်းအတွင်း ကျင်းပလျက်ရှိသော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သစ်သီးဝလံနှင့် ပန်းမန်ပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၃၇)မြို့နယ်မှ တောင်သူ ၃၅၃ ဦးကျော်မှ သစ်သီးဝလံနှင့် ပန်းမန်အမျိုးအစားပေါင်း (၆၉)မျိုးကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
“ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ ပန်းမန်ပြပွဲ ပြိုင်ပွဲကို ကျင်းပရတာက တောင်သူတွေ စိုက်ပျိုးထုတ်လုပ်တဲ့ အခါမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက် တောင်သူတွေကို ဖိတ်ခေါ်ပြီး ယှဉ်ပြိုင်စေခဲ့ပါတယ်၊ အခုနှစ်မှာတော့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့နယ်တွေက တောင်သူတွေ ခါတိုင်းနှစ်တွေထက်ပိုပြီး ဝင်ပြိုင်တာကို တွေ့ရတယ်၊ ပြိုင်ပွဲကို သစ်သီးဝလံအုပ်စု၊ ပန်းမန်အုပ်စု၊ ဟင်းသီးဟင်းရွက် အုပ်စုဆိုပြီး အုပ်စု သုံးစုခွဲထားပါတယ်၊ အရည်အသွေးအကောင်းဆုံး တောင်သူတွေကို ဆုတွေ ချီးမြှင့်ပေးသွားမှာပါ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်မာဦးက ပြောသည်။
အဆိုပါ ပြည်ထောင်စုနေ့အထိမ်းအမှတ် သစ်သီးဝလံနှင့် ပန်းမန်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင် တောင်သူများ၏ မိမိတို့ ကိုယ်တိုင်စိုက်ပျိုးထားသော အသီးအနှံများ၊ ပန်းမျိုးစုံတို့ကို ယနေ့တွင် အကဲဖြတ် အမှတ်ပေးမှုပြုလုပ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ပြခန်းတွင် ဆုချီးမြှင့်ခြင်းကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


