ပွင့်ဖြူ ၁၄ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေး မောင်နှင့် ဝန်ထမ်းများအဖွဲ့သည် ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာတွင် သောက်သုံးရေဖူလုံစေရေး အဝီစိစက်ရေတွင်း တူးဖော်ပြီးစီးမှုအခြေအနေများကို ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင် က ကျေးလက်နေပြည်သူများ ရာသီမရွေး သန့်ရှင်းသောမြေအောက်ရေ ဖူလုံစွာရရှိရန်နှင့် နွေရာသီကာလ သောက်သုံးရေရှားပါးမှုအခက်အခဲများ မဖြစ်စေရေး သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက် ပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် အဝီစိစက်ရေတွင်းအား တင်ဒါစနစ်ဖြင့် တာဝန်ယူဆောင်ရွက်သည့် မြင့်မိုရ်စံထားကုမ္ပဏီမှ တာဝန်ခံ ဦးလှမင်း က အဝီစိစက်ရေတွင်း တူးဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးနိုင် ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ မြို့နယ်ဦးစီးမှူး က တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့် အညီ လုပ်ငန်းအရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေး မှာကြားပြီး စက်ရေတွင်း တူးဖော်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုလားဟောင်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိရေးအတွက် လေးလက်မ အဝီစိစက်ရေတွင်း တူးဖော်ခြင်း၊ အကျယ်အဝန်း (၁၀ ပေ× ၈ ပေ) ရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းနှင့် ပေ ၂၀ အမြင့်ရှိ ဂါလန် ၂၄၀ဝ ဆံ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းကို ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခွင့်ပြုရန်ပုံငွေကျပ် ၂၀ ဒသမ ၂၉၅ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိ လုပ်ငန်းပြီးစီးမှုအနေဖြင့် မြေအောက်အနက်ပေ ၃၈၀ တူးဖော်ဆောင်ရွက်ပြီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


