နတ်တလင်း ၂၃ ဖေဖေါ်ဝါရီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်၊ တပွန်မြို့၊ တိလောကမာရဇိန် ရွှေသာလျောင်းဘုရားကြီး၏ ဂန္ဓကုဋီတိုက်၌ ကိန်းဝပ်စံပယ်တော်မူမည့် သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓမြတ်ဆွယ်တော်ပွားအား ပင့်ဆောင်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဗုဒ္ဓမြတ်စွယ်ပွားအား ပင့်ဆောင်ရာတွင် ခေတ္တကိန်းဝပ်စံပယ်တော်မူသော ကြို့ပင်ကောက်မြို့ ဣန္ဒကာရာမကျောင်းတိုက်သို့ တာပွန်မြို့မှ ပင့်ဆောင်ရေးအဖွဲ့ ရောက်ရှိကြကြောင်း၊ ဗုဒ္ဓမြတ်စွယ်တော် (လက်ဝဲ-အောက်) စွယ်တော်ပွားကို အများပြည်သူ ဖူးမြော်ကြည်ညို ကုသိုလ်ပွားများစေရန် အရှင်တေဇိန္ဒ (သာသနဓဇဓမ္မစရိယ) (နာယက၊ မာတာသွေးလှုရှင်အသင်း၊ ဒလမြို့) ခေတ္တသီရိလင်္ကာနိုင်ငံ (University of Kelaniya) အရှင်သူမြတ်မှ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ရှိ ဗုဒ္ဓမြတ်စွယ်တော်နှင့်အတူ ရင်ငွေ့လှုံထားခြင်းဖြစ်ကြောင်း၊ ကြို့ပင်ကောက်မြို့နေ ဦးအောင်ဆန်းနှင့် ဒေါ်တင်တင်ဦး မိသားစု၊ ကိုမင်းသူအောင်နှင့် မမြသိင်္ဂီထူး မိသားစုတို့က ရင်ငွေ့တော်ခိုလှုံရန်အတွက် ကုန်ကျမှုများကို လှူဒါန်းကြကြောင်း၊ ပင့်ဆောင်ရာတွင် တာပွန်မြို့မှ လုံခြုံရေး၊ နိဗ္ဗာန်ဆော်၊ စည်တော်၊ ကရဝိတ်၊ သံဃာတော်များ၊ ကောင်းကင်ကြိုးဖြင့် ပူဇော်မည့်ယာဉ်၊ ဝတ်ရွတ်ပူဇော်မည့် ယာဉ်တီးဝိုင်းများ၊ ယိမ်းကားတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်ကြကြောင်း သိရသည်။
ဗုဒ္ဓမြတ်စွယ်တော်ပွား ပင့်ဆောင်ရာ လမ်းကြောင်းတစ်လျှောက်တွင် မြို့နယ်သံဃာနာယကအဖွဲ့ဝင် ဘဒ္ဒန္တကေဝလ (စိတ္တသုခကံဦးကျောင်းတိုက်) ဆရာတော်နှင့် သံဃာ ၆ ပါး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အဖွဲ့ဝင်များ၊ ဝတ်ရွတ်ဖတ်ပူဇော်သည့် ရောဂီများနှင့် တာပွန်မြို့အဝင် ဒေဝါဝင်းရာဇာဝင်း ခင်းလျက် ဒေသနေပြည်သူများက ကြိုဆိုကြသည်။
ဗုဒ္ဓမြတ်စွယ်ပွားအား ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၈ ရက်အထိ ၅ ရက်တိုင်တိုင် အများပြည်သူ ကြည်ညိုဖူးမြော်နိုင်ရန် အပူဇော်ခံယူမည်ဖြစ်ကြောင်း သိရသည်။
တင်မြင့် (နတ်တလင်း)


