ကိုလံဘို ဩဂုတ် ၁၉
ယခုနှစ်အတွင်း လက်ရှိအချိန်အထိ သီရိလင်္ကာနိုင်ငံသို့ နိုင်ငံတကာခရီးသွား လာရောက်လည်ပတ်မှုမှာ ၁ ဒသမ ၅ သန်း ကျော်လွန်လာပြီဖြစ်ကြောင်း ဝန်ကြီးတစ်ဦးက ဩဂုတ် ၁၈ ရက်တွင် ပြောသည်။
နိုင်ငံခြားရေးရာဝန်ကြီးဌာန ပြည်ပအလုပ်အကိုင်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဗီဂျစ်သာဟေး ရတ်သ်သည် ဩဂုတ် ၁၈ ရက် မွန်းလွဲပိုင်းက သီရိလင်္ကာနိုင်ငံသို့ ဝင်ရောက်သော နိုင်ငံတကာခရီးသွားအရေအတွက်မှာ ၁ ဒသမ ၅ သန်း ကျော်လွန်လာကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါကာလအတွင်း သီရိလင်္ကာနိုင်ငံသို့ ဝင်ရောက်သော နိုင်ငံတကာခရီးသွားအရေအတွက် ၁၅၀၀၆၅၆ ဦးရှိကြောင်း သီရိလင်္ကာခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအာဏာပိုင်အဖွဲ့က ဖော်ပြသောအချက်အလက်များအရ သိရသည်။ ထို့အပြင် သီရိလင်္ကာနိုင်ငံသို့ ဝင်ရောက်သော ခရီးသွားများအနက် အိန္ဒိယ၊ ဗြိတိန်၊ ရုရှား၊ ဂျာမနီနှင့် တရုတ်နိုင်ငံတို့မှ အများဆုံးဖြစ်ကြောင်း သိရသည်။
ခရီးသွားလုပ်ငန်းသည် သီရိလင်္ကာနိုင်ငံအတွက် နိုင်ငံခြားငွေရရှိသော ထိပ်တန်းအရင်းအမြစ်များထဲမှ တစ်ခုဖြစ်ကြောင်း၊ သီရိလင်္ကာဗဟိုဘဏ်က ထုတ်ပြန်သော အချက်အလက်များအရ ယခုနှစ် ပထမခုနစ်လအတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရရှိခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


