စစ်ကိုင်း ၂၁ ဖေဖော်ဝါရီ
သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ၏ သက်တော် ၈၂ နှစ်ပြည့် မွေးနေ့မင်္ဂလာ အထိမ်းအမှတ်အဖြစ် သံဃာအပါး ၃၀ဝဝ နှင့် သီလရှင်အပါး ၁၀ဝဝ ကို ဆွမ်းကြီးလောင်းလှူ သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှ သီတဂူဝန်ဆောင် သံဃာ့အဖွဲ့က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ၏ သက်တော် ၈၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် တပေါင်းလဆန်း ၁၃ ရက် (မတ် ၁၈ ရက်) နံနက် ၅ နာရီတွင် သီလရှင်ဆရာကြီး၊ ဆရာလေးအပါး ၁၀ဝဝကို စစ်ကိုင်းတောင်ရိုး ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် ဆွမ်းကြီးလောင်းလှူသွားမည်ဖြစ်ကြောင်း သီတဂူဝန်ဆောင်သံဃာ့ အဖွဲ့ထံမှ သိရသည်။
စစ်ကိုင်းတောင်ရိုးရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ တပေါင်းလဆန်း ၁၄ ရက် (မတ် ၁၉ ရက်) နံနက် ၅ နာရီတွင် ပင့်သံဃာအပါး ၁၀ဝဝ ကို ဆွမ်းကြီးလောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
တပေါင်းလပြည့်နေ့ (မတ် ၂၀ ရက်) နံနက် ၅ နာရီတွင် အဖြူရောင်ဆေးသင်္ကန်းကပ်လှူပြီးဖြစ်သော ကောင်းမှုတော် စေတီတော်မြတ်ကြီးကို စစ်ကိုင်းမြို့မှပင့်သံဃာ အပါး ၁၀ဝဝ တို့ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာသဘင် ဆင်ယင်ကျင်းပ သွားမည်ဖြစ်သည်။
ထိုအနေကဇာတင် သံဃာအပါး ၁၀ဝဝ တို့အား သီတဂူဆရာတော်ကြီး သက်တော် ၈၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် သင်္ကန်း၊ ထီး၊ ဖိနပ်၊ ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဒါန်းဖွယ်ရာများဖြင့် ဆွမ်းကြီးလောင်း လှူသွားမည်ဖြစ်ပြီး မန္တလေး၊ ရန်ကုန်နှင့် တောင်ငူမြို့ တို့ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်များမှ သံဃာတော်အပါး ၁၀ဝဝ ကိုလည်း လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သူရိန်လင်း


