ရွှေသောင်ယံ ၁၂ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ကျောက်မောင်နှမကမ်းခြေတွင် သီတင်းကျွတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များအတွင်း အပန်းဖြေလာရောက်ကြသော ဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိရာ ဧည့်သည်များ စိတ်လက်ကြည်သာစွာ အပန်းဖြေနိုင်ရေးအတွက် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထို့သို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့အမှတ်(၃)ရပ်ကွက် ကျောက်မောင်နှမကမ်းခြေရှိ စျေးဆိုင်တန်းများအား ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သပ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချစေရေး၊ အဆိုပါစျေးဆိုင်တန်းများရှေ့၌ ထီးစိုက်ကာရောင်းချမှုများပြုလုပ်နေသော စျေးဆိုင်များအား ရှင်းလင်းဖယ်ရှားကာ သတ်မှတ်စည်ကမ်းချက်နှင့်အညီ ပြန်လည်ရောင်းချစေရေးတို့အတွက် ရွှေသောင်ယံမြို့ ကမ်းခြေစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များမှ မှာကြားမှုများပြုလုပ်ခဲ့သည်။
ကိုကိုမောင် ရွှေသောင်ယံ(ပြန်/ဆက်)


