ဒေါက်တာသန့်စင်(ရူပဗေဒ)
၂၀၂၅ ခုနှစ်သည် ရူပဗေဒဘာသာရပ်နှင့် အခြားသောသိပ္ပံပညာရပ်များအတွက် လွန်စွာ နာမည်ကြီးခဲ့သည့် ကွမ်တမ်သီအိုရီ “ Quantum Theory ” နှစ်တစ်ရာ ပြည့်သည့်နှစ်ဖြစ်ပါသည်။ ယခုနှစ်မှာပင် တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် ကွမ်တမ်မက္ကင်းနစ်ပညာ သင်ယူခဲ့သည့် မိခင်မန္တလေးတက္ကသိုလ်ကြီး၏ နှစ် (၁၀၀) ပြည့်ပွဲတော်ကြီးကို အောက်တိုဘာလ ၅ ရက်နှင့် ၆ ရက်နေ့တွင် မန္တလေးမြို့ရှိ ကျက်သရေအပေါင်းနှင့် ပြည့်စုံသော မန္တလေးတက္ကသိုလ်ကြီး၌ ကျင်းပတော့ မည်ဖြစ်ပါသည်။
ကွမ်တမ် နှစ် (၁၀၀) ပြည့်ပွဲတော်
မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့်ပွဲတော်ကြီးကို မြန်မာနိုင်ငံတစ်ဝန်းမှ မန္တလေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် မန္တလေးတက္ကသိုလ်ကို ချစ်မြတ်နိုးကြသည့် သူများ၊ မန္တလေးသူ မန္တလေးသားများ အမှတ်တရ ဆင်နွှဲကြရန် ပြင်ဆင်နေကြပါသည်။ ယခု ကျွန်တော် ဖော်ပြမည့် ကွမ်တမ်နှစ် (၁၀၀) ပြည့်ပွဲတော်ကြီးကိုလည်း ကမ္ဘာ့နိုင်ငံအနှံ့ရှိ တက္ကသိုလ်များတွင် စာတမ်းဖတ်ပွဲများ၊ သိပ္ပံပညာရှင်ကြီးများကိုဂုဏ်ပြုပွဲများ ပြုလုပ်နေကြပါသည်။
ကျွန်တော်သည် ၁၉၇၃ ခုနှစ်တွင် အခြေခံပညာ အထက်တန်းစာမေးပွဲကို သင်္ချာ၊ ရူပဗေဒ နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး မန္တလေးတက္ကသိုလ် (ထိုစဉ်က မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်) တွင် ရူပဗေဒ အဓိကဘာသာဖြင့် စတင်တက်ရောက်ခဲ့ပါသည်။ ပါမောက္ခချုပ်မှာ ဆရာကြီးဦးလှရွှေ (မြန်မာစာ) ဖြစ်ပါသည်။ ရူပဗေဒပါမောက္ခမှာ ဆရာကြီး ဦးကျော်မြင့် ဖြစ်ပါသည်။ ထိုအချိန်က ကျွန်တော်တို့ ပထမနှစ် ကျောင်းသားကျောင်းသူများသည် ပါမောက္ခကြီးများ၊ ဆရာကြီး ဆရာမကြီးများကို လေးစားအားကျလွန်းသဖြင့် သူတို့စာသင်ကြားရာ စာသင်ခန်းမများသို့ သွားရောက်၍ ကြည့်ရှုခဲ့ကြရပါသည်။ သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်း၊ မြန်မာစာ ဆရာကြီးများ ဖြစ်ကြသည့် ဦးဘိုသင်း၊ ဦးဆန်းထွန်း၊ ဒေါ်မိမိလေး၊ ပထဝီဆရာကြီး ဒေါက်တာကရာစူး၊ ပါဠိဆရာကြီး ဦးတင့်လွင်၊ စိတ်ပညာပါမောက္ခဆရာကြီး ဒေါက်တာစိန်တူ၊ ရုက္ခဗေဒမှ စိမ်းပြာရေညှိ နာမည်ကြီး ဆရာကြီး ဒေါက်တာသန်းထွန်းနှင့် ဆရာ့ ဇနီး၊ ဘူမိဗေဒမှ ဆရာကြီးများဖြစ်ကြသော ဦးသော်တင့်၊ ဦးဘမော်၊ သတ္တဗေဒမှ ဆရာကြီး Prof.Dr. Frederick Delphin (ခ) ဦးမင်းသန့်၊ သင်္ချာဌာနမှ ဆရာကြီး ဦးနက်၊ ဒေါက်တာဘကြည် စသည်တို့ကိုလည်း ယခုထက်တိုင် အမှတ်ရနေပါသည်။
၁၉၇၇ ခုနှစ် ကျွန်တော် မန္တလေးတက္ကသိုလ် ရူပဗေဒဘာသာ စတုတ္ထနှစ်တွင် ကွမ်တမ်မက္ကင်းနစ် ဘာသာကို စတင်တွေ့ထိ သင်ကြားခဲ့ရပါသည်။ ထိုအချိန်က ရူပဗေဒပါမောက္ခမှာ ဆရာကြီး ဒေါက်တာ မျိုးတင့် ဖြစ်ပါသည်။ ကွမ်တမ်မက္ကင်းနစ်ဘာသာကို ဆရာကြီး ဒေါက်တာမျိုးတင့်၊ ဆရာကြီး ဦးခင်မောင်သန်းတို့က သင်ကြားပေးခဲ့ပါသည်။ နောက်ပိုင်း မဟာသိပ္ပံတန်း တက်ရောက်ခဲ့သည့်အခါ တွင် ကွမ်တမ်မက္ကင်းနစ်နှင့် ဆက်နွှယ်နေသော ဘာသာရပ်များကို ဆရာကြီး ဒေါက်တာလှမြင့်၊ ဒေါက်တာထင်ကျော်၊ ဒေါက်တာဒေါ်စုစု၊ ဒေါက်တာ စိန်ထွန်း၊ ဆရာကြီး ဦးကြီးမြင့် စသည့် ဆရာကြီးများ နှင့် ယခုနောက်ပိုင်း အမျိုးသားစာပေဆုရ ရူပဗေဒ ဆရာကြီး ဒေါက်တာတင်လှိုင် (စာရေးဆရာ ဘိုးလှိုင်) အထိ ကွမ်တမ်မက္ကင်းနစ်ပညာနှင့် အဆက်မပြတ်ဘဲ လေ့လာနေပါသည်။
သိပ္ပံနယ်ပယ်တွင် လွန်စွာအသုံးဝင်
နိုင်ငံတကာနှစ်တစ်ရာပြည့် ကွမ်တမ်သိပ္ပံနှင့် နည်းပညာပွဲကြီး (The International Year of Quantum Science and Technology - IYQ ) ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက် နေ့အထိတိုင် ကျင်းပမည်ဖြစ်ပြီး ပြင်သစ်နိုင်ငံ အခြေစိုက် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေး မှုအဖွဲ့အစည်း (UNESCO) ဌာနချုပ်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်မှ ၅ ရက်အထိ အပြည်ပြည် ဆိုင်ရာ ကွမ်တမ်သိပ္ပံနှင့် နည်းပညာပွဲကြီးကို ကျင်းပခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များ၊ နိုဘယ်ဆုရ သိပ္ပံပညာရှင်များ စုစုပေါင်း ၁၂၀၀ ကျော် တက်ရောက်ခဲ့ပါသည်။ ၁၉၂၅ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ရူပဗေဒပညာရှင် ဟိုင်ဇင်ဘတ် (Heisenberg)က သိပ္ပံပညာရှင်ကြီး ပေါ်လီ(Pauli)ထံသို့ ရူပဗေဒဆိုင်ရာ ကွမ်တမ်တွေ့ရှိ ချက်တချို့ကို စာဖြင့်ရေးသားပေးပို့ခဲ့ပါသည်။ ထိုပေးပို့သည့် စာသည် ရူပဗေဒဘာသာပညာရပ်အတွက် အမှတ်တရစာတစ်စောင်ဖြစ်ခဲ့ပါသည်။ ယခုအခါ ကွမ်တမ်မက္ကင်းနစ် ပညာသည် သိပ္ပံနယ်ပယ် အသီးသီးတွင် လွန်စွာအသုံးဝင်သော ဘာသာရပ် တစ်ခု ဖြစ်လာပါသည်။
ဦးစွာ ကွမ်တမ်မက္ကင်းနစ် (Quantum Mecha-nics) ဆိုသည်မှာ အရာဝတ္ထုများသည် အလွန် သေးငယ်လာသောအခါ ၎င်းတို့၏ ရွေ့လျားမှုနှင့်ဆိုင်သော တွက်ချက်မှုများသည် ရှေးရိုးနယူတန် တို့၏ခေတ်နိယာမများနှင့် တွက်ချက်၍ မရတော့ပါ။ ထိုသေးငယ်သော အမှုန်အရွယ်ဝတ္ထုများသည် လှိုင်းသဘာဝဆောင်လာကြပါသည်။ မျက်စိဖြင့် မမြင်ရသောအမှုန်များ၏ တည်နေရာ၊ စွမ်းအင်များ ကို တွက်ချက်ရာတွင် လှိုင်းမက္ကင်းနစ်(Wave Mecha-nics)ကို အသုံးချလာပါသည်။ ထို့အတူ ဖြစ်တန်စွမ်း (Probability)ကို ထည့်သွင်းတွက်ချက်လာပါသည်။ ဥပမာ မျက်နှာပြင်နှစ်ဖက်ပါသော အကြွေစေ့ တစ်ခုကို ခေါင်းနှင့်ပန်းလှန်ကြည့်ပါက “ခေါင်း” လည်း ကျနိုင်သလို “ပန်း” လည်း ကျနိုင်ပါသည်။ ဖြစ်တန်စွမ်းမှာ တစ်ခုလျှင် ၅၀ ရာခိုင်နှုန်းဖြစ်ပါသည်။
အလင်းလျှပ်စစ်အကျိုးတွေ့ရှိမှုဖြင့်ရရှိခဲ့
ရူပဗေဒဆရာကြီး အိုင်းစတိုင်းကို ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဂျာမနီနိုင်ငံ၌ မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံ New Jersey Princeton ၌ ၁၉၅၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ် ရှိပြီ ဖြစ်ပါသည်။ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းသည် သီအိုရီဆိုင်ရာ ရူပဗေဒဘာသာရပ်တွင် နာမည်ကြီး သည့် (Theoretical Physicist) ပညာရှင်ကြီး ဖြစ်ပါ သည်။ သူ၏ နှိုင်းရရီလေတစ်ဗတီ သီအိုရီ(Theories of Relativity)မှာ ကမ္ဘာကျော်ခဲ့သော်လည်း ၁၉၂၁ ခုနှစ်တွင် သူရရှိခဲ့သည့် ရူပဗေဒနိုဘယ်ဆုမှာ အလင်း လျှပ်စစ်အကျိုးတွေ့ရှိမှု (The Photoelectric Effect) ဖြင့် ရရှိခဲ့ပါသည်။
ပညာရှင်ကြီး အိုင်းစတိုင်းက အလင်း (Light) သည် လှိုင်းသဘာဝနှင့် အမှုန်သဘာဝ နှစ်မျိုးဆောင် နေသော ဒွိသဘာဝ (Dual Nature) ရှိနေကြောင်း ဖော်ထုတ်ခဲ့ပါသည်။ အလင်းသည် လှိုင်းကဲ့သို့ ပြုမူ သလို ထိုအလင်းတွင် ဖိုတွန် (Photon) ဟုခေါ်သော အမှုန်လေးများပါရှိကြောင်းကို ရေးသားဖော်ထုတ် ခဲ့ပါသည်။ { ယခုအခါ ထိုဖိုတွန်အမှုန်လေးများက ဆိုလာပြား (Solar Plate) ပေါ် ထိရောက်ရိုက်ခတ်မှု ကြောင့် ဆိုလာပြားမှ လျှပ်စီးကြောင်း ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။}
ရူပဗေဒဆရာကြီး ဒေါက်တာတင်အောင်ရေးသားခဲ့သည့် ကွမ်တမ်မက္ကင်းနစ်ပညာ ပထမတွဲ စာမျက်နှာ (၁၀) တွင် - “ ၁၉၁၂ ခုနှစ်တွင် ပလန့် ( Plank ) အပါအဝင် သိပ္ပံပညာရှင်တစ်စုက အိုင်းစတိုင်းကို ပရက်ရှား သိပ္ပံအကယ်ဒမီ (Prussian Academy of Science) အဖွဲ့ဝင်တစ်ဦးအဖြစ် လက်ခံပါရန် ထောက်ခံလွှာ တစ်စောင်ရေးပေးရာတွင် ထိုထောက်ခံလွှာ၌ အိုင်းစတိုင်းအတွက် တောင်းပန်ချက် တစ်ရပ်ကို ဤသို့ ထည့်သွင်းရေးသားလေသည်။
အိုင်းစတိုင်းအား ဖိုတွန်သီအိုရီကဲ့သို့သော အယူ တိမ်း အလွဲချော်မှုကြောင့် ပြင်းထန်စွာ မဝေဖန်သင့် ပါ။ အကြောင်းဆိုသော် အတိအကျဆုံး သဘာဝသိပ္ပံ ပညာများ၌ပင်လျှင် အသစ်အဆန်းတွေ့ရှိရန်အတွက် စွန့်စားရန်လိုသောကြောင့်ဖြစ်ပါသည်။
ထိုကဲ့သို့ အစဦးပိုင်းတွင် ဖိုတွန်သဘောတရားကို လက်မခံခဲ့ကြသော်လည်း နောင်တွင်ကွန်ပတန် လွင့်စဉ်မှု (Compton Scattering) လက်တွေ့စမ်းသပ်ချက်က အိုင်းစတိုင်း၏ ဖိုတွန်သီအိုရီကို အကြွင်းမဲ့ ထောက်ခံလိုက်သောအခါ အားလုံးကပင် လက်ခံလာကြပါသည်။ ” ဟု ရေးသား ထားပါသည်။
စုပေါင်းဖော်ထုတ်ရာမှ ပေါ်ပေါက်လာ
အမှန်တော့ ကွမ်တမ်သီအိုရီသည် တစ်ဦးကောင်း တစ်ယောက်ကောင်းကြောင့် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ (၂၀) ရာစု ရူပဗေဒပညာရှင်ကြီးများ စုပေါင်းတွေ့ရှိ ဖော်ထုတ်တွက်ချက်ရာမှ ပေါ်ပေါက် လာခြင်း ဖြစ်ပါသည်။ ယခုထက်တိုင် ဆက်လက် ဖော်ထုတ်နေဆဲဖြစ်ပါသည်။ ကွမ်တမ်သီအိုရီကို လုံးဝ ပြည့်စုံစွာ နားလည်သူမရှိသေးပါဟု ပြောကြပါသည်။
ကွမ်တမ်အသိသညာ (Quantum Concept) ကို စတင်အဆိုပြုခဲ့သူမှာ ဂျာမန်ရူပဗေဒပညာရှင် မက်ပလန့် (Max Plank ) (၁၈၅၈ - ၁၉၄၇) ဖြစ်ပါ သည်။ ကွမ်တမ်သီအိုရီ တိုးတက်လာပုံအဆင့်ဆင့်ကို လေ့လာကြည့်ရာတွင် ပထမပိုင်းမှာ ပလန့်၏ ကွမ်တမ်အသိသညာ စတင်ပေါ်ပေါက်လာပုံဖြစ်ပြီး နောက်ပိုင်းတွင် ဒိန်းမတ်ရူပဗေဒပညာရှင် နီးဗိုး (Niels Bohr) (၁၈၈၅ - ၁၉၆၂) ၏ အက်တမ်သီအိုရီ ဖြစ်ပါသည်။ ထို့နောက် Austria နိုင်ငံသား အာဝင် ရှရိုးဒင်းဂျား(Erwin Schrodinger) (၁၈၈၇ - ၁၉၆၁) က လှိုင်းမက္ကင်းနစ်ပညာ (Wave mechanics) နှင့် ဂျာမနီနိုင်ငံသား ဟိုင်ဆင်ဘတ် (Werner Heisenberg) (၁၉၀၁ - ၁၉၇၆) တို့က ဖြန့်စီကိန်းမက္ကင်းနစ်ပညာ (Metrix Mechanics)တို့ကို အခြေခံကာ အမှုန်တို့၏ တည်နေရာနှင့် စွမ်းအင်အဆင့်များကို တွက်ချက်ပြနိုင်ခဲ့ပါသည်။
အခြားကွမ်တမ်သီအိုရီ၏ နာမည်ကြီးရူပဗေဒ ပညာရှင်များမှာ မက်ဘွန်း (Max Born) (၁၈၈၂- ၁၉၇၀)၊ ဒီဗရွင်း(De – Broglie) (၁၈၉၂ - ၁၉၈၇)၊ ပေါ်လီ(Pauli) (၁၉၀၀ - ၁၉၅၈)၊ ပေါလ်ဒီရက်(Paul Dirac)(၁၉၀၂ - ၁၉၈၄)၊ ရစ်ချတ်ဖေးမင်း (Richard– Feynman) (၁၉၁၈-၁၉၈၈) စသည်တို့ ဖြစ်ပါသည်။
လူသားအကျိုးပြုပစ္စည်းများ ဖန်တီး
ယခုအခါ ကွမ်တမ်မက္ကင်းနစ်နည်းပညာ၏ အသီးအပွင့်များဖြစ်သော ကွမ်တမ်ကွန်ပျူတာ (Quantum Computer)၊ ကွမ်တမ်ရေဒါ (Quantum Radar)၊ ကွမ်တမ်ဒေါ့ (Quantum Dot –QD)၊ ကွမ်တမ်ရစ်ပတ်ငြိတွယ်ခြင်း (Quantum Entang-lement) စသည့်ရူပဗေဒဘာသာရပ်များသည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ တက္ကသိုလ်များတွင် သုတေ သနပြုလုပ်ကာ လူသားတို့ အကျိုးပြုပစ္စည်းများဖြစ် ရန် ဖန်တီးနေကြပါသည်။ မကြာမီ စူပါကွမ်တမ် ကွန်ပျူတာများ၊ စစ်ဘက်နှင့် ဆက်သွယ်ရေး နယ်ပယ်သုံး ကွမ်တမ်ရေဒါများ ပေါ်ပေါက်လာတော့မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာနှင့် အခြားသိပ္ပံဘာသာရပ်များတွင် ကွမ်တမ်မက္ကင်းနစ် ပညာကို သင်ကြားပို့ချပေးနေပါသည်။ ကွမ်တမ် ရူပဗေဒနှင့် ဆက်စပ်နေသောပညာရပ်များကို နိုင်ငံခြားတက္ကသိုလ်များသို့ လေ့လာဆည်းပူးရန် ပညာတော်သင်များ စေလွှတ်လျက်ရှိပါသည်။ ကွမ်တမ်ရူပဗေဒပညာ တတ်ကျွမ်းနားလည်သော ပညာရှင်များလည်း ရှိပါသည်။
ကွမ်တမ်မက္ကင်းနစ်ပညာ နှစ် (၁၀၀) ပြည့်အချိန် တွင် မြန်မာနိုင်ငံမှ ကွမ်တမ်ပညာရှင်များအနေဖြင့် ကမ္ဘာကြီး၏ တိုးတက်နေသော သိပ္ပံပညာရပ်များကို လက်လှမ်းမီသမျှ ဝိုင်းဝန်းပါဝင် လေ့လာ ဆောင်ရွက်နိုင်ရန် တိုက်တွန်းရေးသားလိုက်ရပါသည်။


