ရေစကြို ၂၄ ဖေဖော်ဝါရီ
နွေဦးရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မကွေးတိုင်းဒေသကြီး ပခန်းကြီးမြို့ဟောင်းအတွင်းရှိ သက်ရွာကျေးရွာထွက် ပြာသိုသဲရေအိုးများ ရောင်းအားသွက်လျက်ရှိပြီး ရေခပ်အိုးများနှင့် ထန်းမြူအိုးများ ရောင်းအားကျလျက်ရှိကြောင်း သိရသည်။
“အခုလောလောဆယ် အရင်နဲ့စာရင် သဲအိုးလုပ်ရတာ ပိုတိုးလုပ်လာရတယ်၊ ထန်းမြေအိုးတို့ ရေခပ်အိုးတို့ကတော့ လျော့သွားတယ်။ တခြားဟာတွေကတော့ မလျော့ဘူး”ဟု သက်ရွာကျေးရွာမှ အိုးလုပ်ငန်းလုပ်သူ မစန်းက ပြောသည်။
သက်ရွာကျေးရွာသည် ဘိုးဘွားအစဉ်အဆက် အိုးအမျိုးမျိုးပြုလုပ်ခြင်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့် ကျေးရွာလေးတစ်ရွာဖြစ်သည်။ သက်ရွာကျေးရွာမှ ရေအိုးအမျိုးမျိုး၊ အင်တုံ၊ ထန်းမြူအိုး၊ ပန်းပင်စိုက်သည့် မြေထည်ပန်းအိုးများနှင့် အိုးပုတ်များကို အဓိကပြုလုပ်ရောင်းချကြောင်း သိရပြီး သဲရေအိုးမှာ ရောင်းအားအကောင်းဆုံး ပစ္စည်းဖြစ်ကြောင်း သိရသည်။
“သဲအိုးက ပိုအေးအောင်လို့ ပြာသိုလမှလုပ်ရတာ ပြာသိုလအိုးလို့ခေါ်တာ၊ ရိုးရိုးရေအိုးက သဲအိုးလောက် မတွင်ကျယ်ဘူး။ အရင်နှစ်တွေကတော့ ပလတ်စတစ်ပုန်းတွေ မပေါ်ခင်ကပေါ့။ ညနေဆိုလို့ရှိရင်လည်း ရေခပ်အိုးလေးတွေနဲ့ ဆိုင်းထမ်းနဲ့ ထမ်းကြတာကို အခုကျတော့ ပလတ်စတစ်ပုန်းတွေ ပေါ်လာတော့ကျတော့ ရိုးရိုးရေအိုးက ရောင်းအားကျသွားတာ။ ထက်ဝက်လောက်ကိုကျတယ်၊ ထန်းမြူအိုးကလည်း ထန်းတက်တက်သူက နည်းသွားတော့ အရင်နဲ့စာရင် ရောင်းရတာနည်းသွားတယ်၊ သောက်ရေအိုး သဲအိုးက နဂိုနဲ့စာရင် ပိုလုပ်လာရတယ်” ဟု မစန်းက ဆက်လက်ပြောပြသည်။
သက်ရွာကျေးရွာတွင် ရေအိုးပြုလုပ်ခြင်းကို ပြာသိုလတွင် ပြုလုပ်ကြလေ့ရှိကြောင်း သိရသည်။ ရာသီဥတုပူပြင်းချိန်တွင် ရေအိုးပြုလုပ်ပါက ရေအိုးမြန်မြန်ကွဲအက်လွယ်ပြီး ပြာသိုလတွင်ပြုလုပ်ပါက ရာသီဥတုအေးသဖြင့် ရေအိုးမကွဲအက်ပဲ ပိုအေးမြစေကြောင်း သိရသည်။
“သဲအိုးက ဖောက်သည်တွေရှိတယ်၊ သဲအိုးက နယ်စုံရောက်တယ်၊ မန္တလေး မြင်းခြံ အစုံရောက်တယ်၊ ၁၂ ပွဲတွေတောင်လိုက်ပြီးတော့ ရောင်းကြတယ်။ တပေါင်းလ ကိုကြီးကျော်နတ်ပွဲ လာကြရင်းနဲ့လည်း ရွာမှာဝင်ဝယ်တာတွေရှိတယ်။ ဒီရွာကသဲအိုးက အေးမှန်းသိတော့ တစ်နှစ်ဝယ်ဖူးပြီးရင် နောက်နှစ်တွေထပ်လာရင်း ဝယ်သွားကြတာပေါ့”ဟု သက်ရွာကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
အဆိုပါ သက်ရွာကျေးရွာထွက် သဲရေအိုးတစ်လုံးလျှင် ငွေကျပ် ၂၅၀ဝ ရှိပြီး ရိုးရိုးရေအိုးတစ်လုံးလျှင် ငွေကျပ် ၁၀ဝ၀ ဖြင့် ရောင်းချရလျက်ရှိကြောင်း သိရသည်။
အိမွန်ဆွေ(ရေစကြို)


