သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်းမှ လိပ်လှောင်းသားပေါက် ၁၁၂ ကောင် ပင်လယ်သို့ပြန်လွှတ်

 

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း)

 

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့တွင် သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်းနှင့် ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် မတ်လပထမပတ်အတွင်းက ကမ္ဘာ့ရှားပါး ပင်လယ်လိပ်မျိုးစိတ် ဖြစ်သည့် လိပ်လှောင်းသားပေါက် ကောင်ရေ ၁၁၀ ကျော်ကို ကြာကန်ကျေးရွာပင်လယ်ကမ်းခြေ၌ ပင်လယ်ပြင်သို့ လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန သမီးလှကျွန်းပင်လယ်လိပ်မျိုး  ထိန်းသိမ်းရေးစခန်းတာဝန်ခံ ဦးဖုန်းမော် ဦးဆောင်သော ဝန်ထမ်းများနှင့်  မြို့အဆင့်ဌာန ဆိုင်ရာများ၊ ကျောင်းသား  ကျောင်းသူများနှင့် ဒေသခံပြည်သူများသည် လိပ်လှောင်းသားပေါက် ၁၁၂ ကောင်ကို ပင်လယ်တွင်းသို့ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ သမီးလှကျွန်း ပင်လယ်လိပ်မျိုးထိန်းသိမ်းရေးစခန်းတာဝန်ခံက ဒေသခံပြည်သူများအား ပင်လယ်လိပ်များ၏ မျိုးပွားရှင်သန်ကြပုံ၊ သွားလာနေထိုင်စားသောက်ကြပုံများ၊ ပင်လယ်လိပ်များ ရှင်သန်ကြီးထွားရန်အတွက် သဘာဝပတ်ဝန်းကျင် နှင့်ရာသီဥတု၏ အရေးပါပုံများ၊ ရှားပါးပင်လယ်လိပ်များ၊ လိပ်ဥများအား ဖမ်းဆီးစားသောက်မှု မပြုကြစေရေးနှင့် ငါးဖမ်းပိုက်များတွင် ဖမ်းဆီးရမိခဲ့ပါက ပြန်လွှတ်ပေးကြရန် အသိပညာပေးပြောကြားပြီး ပင်လယ်လိပ်ဥကျင်း တွေ့ရှိသော်လည်း တူဖော်ခြင်းမပြုဘဲ တာဝန်ရှိသူများထံ ဆက်သွယ် သတင်းပို့သူအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

mdn

 

မော်တင်ကမ်းခြေတစ်လျှောက်တွင် သမီးလှကျွန်း ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်းမှ ဦးဆောင်၍ ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသည့်အပြင် ကြာကန်ကမ်းခြေတွင် သားဖောက်ရုံ တည်ဆောက်၍ ကမ်းခြေသို့ တက်ရောက်ဥချသော ပင်လယ်လိပ်ဥများကို သားဖောက်ထိန်းသိမ်းနေကြောင်း သိရသည်။ လိပ်လှောင်း(ပင်လယ်လိပ်)မျိုးစိတ်သည် တစ်ကြိမ် လျှင် ဥအလုံးရေ ၆၀ မှ ၁၂၀ ခန့် ဥချလေ့ရှိကာ သားပေါက်နှုန်း ၈၅ ရာခိုင်နှုန်းခန့်ရှိပြီး မျိုးသုဉ်းရန်အဆင့်နှင့်ရင်ဆိုင်နေရသည့် လိပ်လှောင်းမျိုးစိတ် သားပေါက်များကို ဒုတိယအကြိမ် ပင်လယ်သို့ လွှတ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြာကန်ကမ်းခြေတွင် ယခင်ကတည်းက ပင်လယ်လိပ်များ တက်ရောက်ဥချကြသော်လည်း ယခုလိုသားဖောက်၍ ပင်လယ်သို့ လွှတ်ပေးနိုင်ခြင်းမရှိဘဲ ယခုနှစ်မှ စတင်သော ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးလုပ်ငန်းကို ဒေသခံများက ပူးပေါင်းဆောင်ရွက်သဖြင့် နောင်လာမည့်အနာဂတ်အတွက် ပိုမိုကောင်းမွန်သော အခြေအနေသို့ ရောက်ရှိလာခဲ့ပြီး ယခုလိပ်ဥကျင်းတွင် ပင်လယ်လိပ်ဥ ၁၁၇ လုံးကိုသားဖောက်ခဲ့ရာ လိပ်သားပေါက် အကောင်ငယ် ၁၁၂ ကောင် သားပေါက်ခဲ့သဖြင့် သားပေါက်နှုန်း ကောင်းမွန်ခဲ့ကြောင်းနှင့် ဆက်လက်၍ သားပေါက်ရန် ဥကျင်း များရှိနေသေးကြောင်း စခန်းတာဝန်ခံ ဦးဖုန်းမော်က ပြောကြားသည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ပင်လယ်လိပ်မျိုးများ မျိုးသုဉ်းပျောက်ကွယ်သွားမှု မရှိစေရန်အတွက် ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးအတွက် သားပေါက်များထိန်းသိမ်းရေးအပြင် တရားမဝင်ဖမ်းဆီး ရောင်းချစားသောက်မှု မရှိစေရေးအတွက် အမိန့်၊ ကြော်ငြာစာများ ထုတ်ပြန်ပြဋ္ဌာန်း၍ တားမြစ်ထားကြောင်း သိရသည်။