၁ စက်တင်ဘာ

 

ကာတွန်းဟုခေါ်သော သရုပ်ဖော်ပုံကလေးများ ကမ္ဘာတွင် ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း တစ်ရာကျော်၊ နှစ်ရာနီးနီး ရှိခဲ့ပြီဖြစ်သည်။ ကာတွန်းသည် ပန်းချီပညာ၏ အကိုင်းအခက် တစ်ခုဖြစ်သော်လည်း သရုပ်မှန်ပုံများ မဟုတ်။ အရွှင်အမြူး၊ အသောအထေ့၊ သရော်လှောင်ပြောင်ခြင်း၊ ပြက်ရယ်ပြုခြင်းတို့ဖြင့် ဟာသရသဘက်သို့ နွယ်သည်။ ကမ္ဘာ့ကာတွန်း၏အစသည် ၁၉ ရာစုထဲမှာစပြီး မြန်မာ့ ကာတွန်းကမူ ရာစုနှစ် ထက်ဝက်ကျော်ခန့် နောက်ကျကာ ၂ဝ ရာစု အစောပိုင်းကာလတွင် စသည်။

 

မြန်မာ့ကာတွန်း၏ ဖခင်ကြီးအဖြစ် ဦးဘကလေး (ရွှေတလေး) ကို အသိအမှတ်ပြုကြသည်။ ၁၉၁၅ ခုနှစ်ထုတ် ရန်ကုန်ကောလိပ် မဂ္ဂဇင်းတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲခဲ့သည့် ဦးဘကလေး၏ လက်ရာကာတွန်းက မြန်မာကာတွန်းဆရာ ရေးဆွဲသည့် ပထမဆုံး မြန်မာကာတွန်းဖြစ်ပြီး မြို့အုပ်လုပ်ရန်လောက်သာ ရည်ရွယ်၍ မြို့အုပ်ရူး ရူးကြသည့် ထိုခေတ်ကာလ ကောလိပ်ကျောင်းသားအချို့ကို သရော်သည့် ကာတွန်းဖြစ်သည်။ ဦးဘကလေးမှ စခဲ့သည့် မြန်မာ့ကာတွန်းသည် ဆက်လက်၍ အရှိန်အဟုန် ကောင်းကောင်းဖြင့် ဖြစ်ထွန်းခဲ့ပြီး ခေတ်အဆက်ဆက်တွင် မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်ရှင်သန်ခဲ့သည်။ ကာတွန်းပညာရှင်များ ရေးဆွဲခဲ့ကြသည့် ကာတွန်းဇာတ်ကောင်လေးများက သူ့ခေတ်အခါနှင့်သူ ကလေး၊ လူကြီး ပရိသတ်တို့၏ အချစ်တော်များဖြစ်ခဲ့ကြသည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများမှ နိုင်ငံရေး၊ လူမှုရေးခေတ်အမြင် ကာတွန်းများ၊ အပတ်စဉ်ထုတ်၊ လစဉ်ထုတ် ကာတွန်းဂျာနယ်များ၊ လုံးချင်းရုပ်ပြများ စသည်ဖြင့် ကာတွန်းခေတ်ကောင်းလည်း ရှိခဲ့သည်။ ထို့အပြင် ရုပ်ရှင်ပေါ်ဦးစ ကာလကပင် ကာတွန်းရုပ်ရှင်ကို စတင်ကြံစည်တီထွင်ခဲ့ကြပြီး ၁၉၃၂ ခုနှစ်တွင် ကာတွန်း ဦးဘဂျမ်းနှင့် ဦးဟိန်စွန်း၊ ဦးချစ်တင်၊ ဦးချစ်ဆွေတို့၏ ကြိုးပမ်းမှုဖြင့် ပထမဆုံး မြန်မာကာတွန်း ရုပ်ရှင်ဇာတ်ကားနှစ်ကား ပေါ်ပေါက်လာသည်။

 

မြန်မာ့ကာတွန်းသည် ၁၉၁၅ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ရာ မြန်မာ့ကာတွန်း နှစ် ၁၀၀ ပြည့်ပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပခဲ့သည်။ ယခုအခါ နှစ် ၁၀၀ ကျော်လာပြီဖြစ်သည့် မြန်မာ့ကာတွန်း၏ သမိုင်းကြောင်းသည်လည်း နောင်လာနောက်သားတို့အတွက် မှတ်တမ်းပြုစရာ၊ ဂုဏ်ယူစရာ မြန်မာ့ကာတွန်း သမိုင်းပြတိုက် တည်ထောင်ပြသနိုင်ရန် လိုအပ်လာပြီဖြစ်သည်။ ရေရှည်တည်တံ့သည့် နိုင်ငံ့ဂုဏ်ဆောင်ပြတိုက်တစ်ခု ဖြစ်လာစေရန် မြေနေရာ၊ အဆောက်အအုံ၊ ဘတ်ဂျက်နှင့် ပြတိုက်တွင်ပြသရမည့် ပစ္စည်းများ စုဆောင်းမှုတို့ကို ကာတွန်းပညာရှင်များ၊ ကာတွန်းလောကသားများ၊ ကာတွန်းချစ်ပရိသတ်များ၏ စိတ်ဓာတ်၊ အလိုဆန္ဒ၊ ဝီရိယနှင့် ဉာဏ်ပညာတို့ဦးဆောင်ကာ ဆောင်ရွက်လုပ်ကိုင်သည်နှင့်အမျှ မြန်မာ့ကာတွန်း သမိုင်းပြတိုက်သည် အနှေးနှင့်အမြန် ပေါ်ပေါက်လာရမည်သာ ဖြစ်သည်။

 

မျက်မှောက်ခေတ်တွင် ကာတွန်းသည် ပုံနှိပ်မီဒီယာများတွင် သာမက ဒစ်ဂျစ်တယ်နည်းပညာများနှင့် ကာတွန်းရုပ်ရှင်များ၊ ကာတွန်းဇာတ်လမ်းတွဲများကို အံ့မခန်း ထုတ်လုပ်လာကြပြီဖြစ်ရာ နိုင်ငံတကာအဆင့်မီ မြန်မာကာတွန်းရုပ်ရှင်များ ထုတ်လုပ်ပြီး ပြည်တွင်း ပြည်ပ ယှဉ်ပြိုင် ထိုးဖောက်နိုင်ရန် ကြိုးပမ်းဖို့ လိုအပ်သကဲ့သို့ အခြားနိုင်ငံများကဲ့သို့ပင် မြန်မာ့ကာတွန်းသမိုင်းပြတိုက်ကို စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်မှုရှိရှိဖြင့် ဂုဏ်ယူဖွယ်ရာတစ်ခုအဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာရေး ကြိုးပမ်းနိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း