နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်လာခဲ့သည်မှာ ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ၁ နှစ်နှင့် ၆ လ (၁၈လ) ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဆက်လက်၍ ရှေ့လုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ “နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ နောက်ထပ် ၆ လ တိုးမြှင့် သတ်မှတ်လိုက်သည်။
မြန်မာနိုင်ငံတွင် အတည်ပြုပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ တပ်မတော်သည် “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ဒို့တာဝန် အရေး ၃ ပါးကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရန်” အဓိကတာဝန်ရှိပေသည်။ ယင်းတာဝန်များသည် တမင်တကာ ဖန်တီးထားသော တာဝန်များမဟုတ်ဘဲ နိုင်ငံတော်တွင် မလွှဲမရှောင်သာ ပေါ်လာသည့် သမိုင်းပေး တာဝန်များဖြစ်သည်။ တပ်မတော်သည် သမိုင်းပေးတာဝန်များကို သမိုင်းအစဉ်အဆက် တာဝန်ကျေပွန်စွာ ထမ်းရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံ့တာဝန်ကို ရယူဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်သူ (Guardian) အဖြစ် သမိုင်းပေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်။ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေသည့် ကာလအတွင်း နိုင်ငံတစ်ဝန်း၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးတို့အတွက် လုပ်သင့်လုပ်ထိုက်သည်များ၊ အခြေခံသင့်၊ အခြေခံထိုက်သည်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံ့တာဝန်များကို ရှေ့လုပ်ငန်း စဉ် (၅) ရပ်၊ဦးတည်ချက် (၉) ရပ်၊ အမျိုးသားရေးလုပ်ငန်းစဉ် (၂) ခု၊ နိုင်ငံရေးလုပ်ငန်းစဉ် (၂) ခုတို့နှင့်အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ ထို့အပြင်မြန်မာပြည်သူလူထု တိုင်းရင်းသား ပြည်သူများ၏ ပြင်းပြသည ့်ဆန္ဒဖြစ်သော “စစ်မှန်၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်” ကို မယိမ်းယိုင်အောင် ကာကွယ်ပေးနေသည်။ ပြည်သူ့ဒီမိုကရေစီစနစ်နှင့် အမျိုးသားဒီမိုကရေစီစနစ်ကို ဘက်ညီမျှတအောင် ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ထို့အပြင် အနာဂတ်တွင် ခိုင်မာသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရန်အတွက် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု” အုတ်မြစ်ကို တည်ဆောက်နေသည်။
ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလက အစိုးရတာဝန်ရှိသူများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲတွင် တာဝန်ရှိသူများက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို ချိုးဖောက်ခဲ့သောကြောင့် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။ ဒီမိုကရေစီ တည်ထောင်စနိုင်ငံတွင် ဒီမိုကရေစီ အနိုင်ကျင့်မှု၊ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ထူထောင်မှု၊ အဖွဲ့အစည်းထက် ပုဂ္ဂိုလ်ရေးသြဇာထူထောင်မှုတို့ကြောင့် ဒီမိုကရေစီစနစ် ညှိုးနွမ်းခဲ့ရသည်။ ယင်းသို့ မဖြစ်စေရန်အတွက် ဒီမိုကရေစီ အခြေခံအုတ်မြစ်များ ခိုင်မာအားကောင်းလာအောင်၊ ပြည်သူလူထုနှင့် နိုင်ငံ့အနာဂတ် ကောင်းကျိုးများဖြစ်ထွန်းလာအောင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေရေးကို တိုတောင်းလှသည့် အချိန်ကာလအတွင်း အကောင်းဆုံး ဆောင်ရွက် နိုင်ခဲ့သည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ၊ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ စီးပွားရေးပြန်လည်ဦးမော့လာရေး မြှင့်တင်ဆောင်ရွက်ပေးမှုများ၊ အလုပ်အကိုင်အခွင့်အလမ်း ပွင့်လန်းလာရေး လုပ်ငန်းများ၊ စီးပွားရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးလာရေး ဆောင်ရွက်ချက်များ၊ ပြည်သူများ ကျန်းမာရေးနှင့် အားကစားကဏ္ဍ မြှင့်တင်ရေး လုပ်ငန်းများ၊ တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၊ အဖျက်သမားသောင်းကျန်းသူများ တိုက်ဖျက်နှိမ်နင်းရေး လုပ်ငန်းများ စသည့်နိုင်ငံနှင့် ပြည်သူအကျိုးပြု လုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့သည့် ၁၈ လတာကာလအတွင်း နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားကို ဦးလည်မသုန်အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး မှန်ကန်သောရပ်တည်ချက် ယုံကြည်ချက်တို့နှင့် ရဲစွမ်းသတ္တိများဖြင့် နိုင်ငံတော်၏ သမိုင်းပေး တာဝန်များကို ကျေပွန်စွာ ဆက်လက်ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း။
ကြေးမုံ


