တောင်ကြီး စက်တင်ဘာ ၁
ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့၌ ကျင်းပခဲ့သည့် Esports အားကစား ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၀၂၅ တွင် ကမ္ဘာ့ချန်ပီယံဆု ရရှိခဲ့သော သမိုင်းဝင် မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galac-ticos အသင်းကို KBZ GROUP မှ တောင်ကြီးမြို့၌ ကျင်းပသည့် ဂုဏ်ပြုညစာစားပွဲတွင် ငွေကျပ် သိန်း ၁၀၀၀၀ နှင့် ဂရန်အမည်ပေါက် မြေကွက်ကိုးကွက်အား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဦးဆောင်နာယက ဦးအောင်ကိုဝင်း၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ာဝန်ရှိသူများ၊ ကမ္ဘာ့ချန်ပီယံ Esports အားကစားသမားများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများနှင့် Esports ဝါသနာရှင်လူငယ်များ တက်ရောက်သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Esports အားကစားအသင်းအား ဂုဏ်ပြုအမှာစကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ် ဦးဆောင်နာယကက Yangon Galacticos အားကစားအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀၀၀ ကိုလည်းကောင်း၊ မြန်မာ Esport အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အောင်ပွဲရလူငယ်အားကစားသမားများ တစ်ဦးချင်းစီအတွက် တောင်ကြီးဂါးဒင်းစီးတီး(Taunggyi Garden City) မှ ပေ ၄၀ x ပေ ၆၀ အကျယ်ရှိ ဂရန်မြေကွက်ကိုးကွက်ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်သည်။
မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်ကို KBZ BANK ၊ KBZPay နှင့် KBZ GROUP တို့မှ ၂၀၁၈ ခုနှစ်မှစတင်ကာ ပံ့ပိုးကူညီပေးခဲ့သည့်အပြင် ယခုကဲ့သို့ မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ ဆုရရှိစေရန်အတွက်လည်း တစိုက်မတ်မတ် ထောက်ပံ့ကူညီပေးခဲ့ရာ ယနေ့အထိ ငွေကျပ် ၄ ဒသမ ၈ ဘီလီယံကျော် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


