ကဝ ၁၈ ဖေဖော်ဝါရီ


သမိုင်းဝင်ဆံတော်ရှင် ကျိုက်မက်ကော်စေတီတော်မြတ်ကြီးတွင် (၈၂) ကြိမ်မြောက် ယင်္ဂဏပရိယတ္တိစာဖြေပွဲကြီး အထိမ်းအမှတ် အထူးတရားပွဲကို ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီက ကဝမြို့နယ်၊ ဖလေးကျေးရွှာ ဆံတော်ကျိုက်မက်ကော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဓမ္မာရုံတွင်ကျင်းပသည်။

 

123


တရားပွဲကို တိပိဋကဓရဓမ္မဘဏ္ဍာဝါရိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ ရေစကြိုဆရာတော်က နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေနှင့် အလှူရှင်များ၊ ဖလေးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တရားနာပရိတ်သတ်များ တရားတော်နာယူခဲ့ပြီး ဓမ္မပူဇာဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့ကို ရေစက်ချအမျှပေးဝေခဲ့ကြသည်။

 

123


ရှေ့ဟောင်းသမိုင်းဝင် ဆံတော်ရှင် ဖလေးကျိုက်မတ်ကော်စေတီတော်မြတ်ကြီးတွင် တပိုးတွဲလပြည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့နေဦးသန်းလွင် ဒေါ်ကြည်ကြည်သန်း အလှူရှင်မိသားစုက ကျိုက်မတ်ကော်စေတီတော်ကြီး၏ အရန်စေတီ ၄၅ ဆူအား ရွှေထီးတော်များ တင်လှူပူဇော်၍ ဘုရားဖူးလာသူများကို အလှူရှင်များက စတုဒီသာများကျွေးမွေးလှူဒါန်းပြီး ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဇေယျာထွန်း (ကြို့ပင်ကောက်)