ရန်ကုန်   အောက်တိုဘာ   ၂၂

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက  ကြီးမှူး၍  YCDC INVITATION FUTSAL CUP 2025 ဖွင့်ပွဲကို  ယနေ့နံနက်ပိုင်းက   သင်္ဃန်းကျွန်းမြို့နယ် YCDC Sports Complex Centre ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ     ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများကို  ရင်းရင်းနှီးနှီး   လိုက်လံနှုတ်ဆက်ပြီး  YCDC INVITATION FUTSAL CUP 2025 အဖွင့်ပွဲစဉ်အဖြစ် YCDC MARGA FC အသင်းနှင့် BURMESES WARRIORS FC အသင်းတို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

အဆိုပါ YCDC INVITATION FUTSAL CUP 2025 ပြိုင်ပွဲကို အောက်တိုဘာ ၂၂ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ  ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၃၂ သင်းတို့ဖြင့်  အုပ်စုပတ်လည်  ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်  YCDC Sports Complex Centre အနီး ကမာကြည်လမ်းနှင့် မြဝတ်ရည်လမ်းထောင့်   ငမိုးရိပ်ချောင်းဘေးရှိ ပန်းခြံတွင်  အလှပန်းပင်များ   စိုက်ပျိုးထားရှိမှု၊ သစ်ပင်ပန်းမန်များ  စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှု၊ သန့်ရှင်းသာယာသပ်ရပ်ရေး   ဆောင်ရွက်ထားရှိမှုနှင့်   လူသွားစင်္ကြံဆောင်ရွက် နေမှုအခြေအနေများ၊ YCDC Sports Complex Centre အတွင်းရှိ ရိုးရာခြင်းလုံးကစားကွင်း၊ ပိုက်ကျော်ခြင်းကွင်းများ   တည်ဆောက်ပြီးစီးမှု၊   ဘော်လီဘောအားကစားကွင်း တည်ဆောက်ပြီးစီးမှု၊ ဘတ်စကက်ဘောအားကစားကွင်း တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)