နေပြည်တော် ဧပြီ ၁၄
နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ပြည်သူလူထုအား လုပ်ကြံ သတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် အစိုးရနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အအုံများအား အကြောင်းမဲ့ ဖောက်ခွဲဖျက်ဆီးခြင်း၊ သင်္ကြန်ကာလအတွင်း အပြစ်မဲ့ ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၅ ရက် နံနက်ပိုင်းတွင် သီရိဝေ ( ခ ) မဝေ ( ၂၈ ) နှစ်ကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် BOC မှတ်တိုင်အနီး၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ သီရိဝေ ( ခ ) မဝေ ၏ ထွက်ဆိုချက်အရ ယင်းနေ့မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ရွှေနံ့သာစံပြကျေးရွာ စံပြ ( ၁၉ ) လမ်းရှိ Land of Grace Flim Studio ၌ လက်လုပ်မိုင်းများ ပြုလုပ်လျက်ရှိသည့် တရားခံ ရန်ပိုင်ဌေး ( ၃၉ ) နှစ်၊ ဒန်နီရယ် ( ခ ) နေပွဲသော ( ၃၉ ) နှစ်၊ ပိုင်သက်စံ ( ၂၈ ) နှစ်၊ စောကော်မူး ( ခ ) ဂိုချွန်း ( ၂၈ ) နှစ်၊ မြတ်ထွေး ( ၃၀ ) နှစ်နှင့် နော်ရှီးခူဆဲ ( ၃၅ ) နှစ်တို့ ခြောက်ဦးကို M-16 တစ်လက်၊ ပွိုင့်-22 တစ်လက်၊ လက်လုပ်သေနတ် သုံးလက်၊ လက်လုပ်မိုင်း ငါးလုံး၊ ကျည်မျိုးစုံ အတောင့် ၇၃၀၊ ကျည်အိမ်နှစ်ခု၊ မှန်ပြောင်းတစ်လက်၊ အသံတိတ်ပြောင်း တစ်ခု၊ ဒီတိုနေတာ အချောင်း ၁၈၀၊ အဝေးထိန်းခလုတ် ခုနစ်ခုနှင့် လက်လုပ် မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
ထို့အပြင် ယင်းနေ့ညနေပိုင်း၌ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ကျွန်းရွှေဝါ လမ်းရှိ ရှမွေလ ( ခ ) ဦးရှင်ကြီး၏နေအိမ်၌ ရှမွေလ ( ခ ) ဦးရှင်ကြီး ( ၃၈ ) နှစ်၊ ကျော်ဇောဝင်း ( ၃၃ ) နှစ်နှင့် ဇေယျာထွန်း ( ၃၂ ) နှစ်တို့သုံးဦးကို MK-12 တစ်လက်၊ ကျည်အိမ်နှစ်ခု၊ MK-12 ပြောင်းကာ တစ်ခု၊ MK-12 ဒင် တစ်ခု၊ လက်လုပ် သေနတ်ခြောက်လက်၊ ကျည်မျိုးစုံ ၁၀၃၅ တောင့်၊ မှန်ပြောင်းတစ်လက်၊ ရှေ့ထွက် မိုင်း ( ပြုလုပ်ဆဲ ) တစ်လုံး၊ လက်လုပ်မိုင်း ငါးလုံး၊ ယမ်းချောင်း ၈၀ ၊ ဒီတိုနေတာ အချောင်း ၃၂၀ အပါအဝင် မိုင်းနှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊ လှိုင်သာယာမြို့နယ် တပင်ရွှေထီးလမ်း 81 ဘီယာဆိုင်၌ God of Death ( GOD ) အမည်ခံ အကြမ်းဖက်အဖွဲ့မှ သက်ပိုင်စိုး ( ၂၅ ) နှစ်၊ ထွန်းမင်းကျော် ( ၂၃ ) နှစ်နှင့် အေးချမ်းကိုကို ( ၂၂ ) နှစ်တို့ သုံးဦးကို လက်လုပ်မိုင်း ၁၀ လုံးဖြင့်လည်းကောင်း၊ မရမ်းကုန်းမြို့နယ် ကုန်းမြင့်ရိပ်သာလမ်း အမှတ် ( ၉၃/A ) ရှိ Linn Studio ၌ ကျော်ကျော်အောင် ( ခ ) ကျော်ကြီး ( ၃၁ ) နှစ်ကိုလည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ သီရိဝေ ( ခ ) မဝေ၏ထွက်ဆိုချက်အရ ဧပြီ ၁၁ ရက် ညပိုင်းတွင် မရမ်းကုန်းမြို့နယ် ( ၉ ) ရပ်ကွက် အညာစုလမ်း အမှတ် ( ၁၇၉ ) နေအိမ်၌ ဇော်မင်းသိန်း ( ၃၉ ) နှစ်နှင့် လှမင်းသိန်း ( ၃၂ ) နှစ်တို့နှစ်ဦးကို ထပ်မံ
ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံအမျိုးသား ၁၄ ဦး၊ အမျိုးသမီးနှစ်ဦး ပေါင်း ၁၆ ဦးတို့ကို M-16 တစ်လက်၊ MK-12 တစ်လက်၊ ပွိုင့်-22 တစ်လက်၊ လက်လုပ်သေနတ် ကိုးလက်၊ လက်လုပ်မိုင်းမျိုးစုံ ၂၁ လုံး၊ ကျည်မျိုးစုံ ၁၇၆၅ တောင့်၊ ကျည်အိမ် လေးခု၊ MK-12 ပြောင်းကာတစ်ခု၊ MK-12 ဒင်တစ်ခု၊ မှန်ပြောင်းနှစ်လက်၊ အသံတိတ် ပြောင်းတစ်ခု၊ ဒီတိုနေတာ အချောင်း ၅၀၀၊ အဝေးထိန်းခလုတ် ခုနစ်ခု၊ ယမ်းချောင်း ၈၀ ၊ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် သီရိဝေ ( ခ ) မဝေ၊ ရှမွေလှ ( ခ ) ဦးရှင်ကြီး၊ ကျော်ဇောဝင်း၊ သက်ပိုင်စိုးနှင့် အေးချမ်း ကိုကိုတို့သည် ဖမ်းဆီးရန်ကျန် တရားခံ ကိုကျား၏ ချိတ်ဆက်ပေးမှုဖြင့် KNLA တပ်မဟာ ( ၆ ) နယ်မြေ၌လည်းကောင်း၊ ဇွန်လခန့်တွင် ကျော်ကျော်အောင် ( ခ ) ကျော်ကြီးသည် လိုင်ဇာမြို့ရှိ KIA ဗဟို ဌာနချုပ်၌လည်းကောင်း အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း တစ်လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရသည်။
ထို့အပြင် တရားခံများ၏ ထွက်ဆို ချက်အရ Union Myanmar Civil Development ( UMCD ) အမည်ခံအကြမ်း ဖက်အဖွဲ့ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ခန့်တွင် ထိုင်းနိုင်ငံသို့ တိမ်းရှောင်နေသော ဖမ်းဆီးရန်ကျန်တရားခံ မာရီယာနှင့် သီရိဝေ ( ခ ) မဝေတို့ ခေါင်းဆောင်၍ ရှမွေလှ ( ခ ) ဦးရှင်ကြီး၊ ကျော်ဇောဝင်း၊ ဇေယျာထွန်း၊ ဇော်မင်းသိန်း၊ လှမင်းသိန်း နှင့် ဖမ်းဆီးရန်ကျန်တရားခံ အမ်မာ၊ မျောက်၊ ခင်မောင်လင်း ( ခ ) ကိုလင်း၊ ကြယ်ခေါင်၊ ဆိုဖီယာ၊ ကိုဇန်၊ ရိန်းဂျား၊ ပင်လယ်တို့ပါဝင်သော အင်အား ၁၀၀ ခန့်ဖြင့်လည်းကောင်း၊ God of Death ( GOD ) အမည်ခံ အကြမ်းဖက်အဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလခန့်တွင် ဖမ်းဆီးရန်ကျန် တရားခံ စိုးလေး ခေါင်းဆောင်၍ သက်ပိုင်စိုး၊ ထွန်းမင်းကျော်၊ အေးချမ်းကိုကို၊ ကျော်ကျော်အောင် ( ခ ) ကျော်ကြီးတို့ပါဝင်သော အဖွဲ့ဝင် ၃၀ ခန့်ဖြင့်လည်းကောင်း အသီးသီးဖွဲ့စည်း ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်ရန်အတွက် လိုအပ်သောငွေကြေးများကို ဖမ်းဆီးရန်ကျန် တရားခံ မာရီယာထံမှ ရရှိခဲ့သည့်အပြင် KNLA တပ်မဟာ ( ၆ ) နယ်မြေ၌ သင်တန်းတက်ရောက်စဉ် လေ့ကျင့်ခန်းပြုလုပ်ခဲ့သည့် ဓာတ်ပုံများ ကို လူမှုကွန်ရက်ပေါ်မှတစ်ဆင့် ဖြန့်ဝေ၍ ပြည်တွင်း/ပြည်ပရှိ အစွန်းရောက် NLD ပါတီဝင်များ၊ NUG၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့များထံမှ လက်ခံရရှိ ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ UMCD နှင့် GOD အမည်ခံ အကြမ်းဖက်အဖွဲ့များသည် CRPH၊ NUG အကြမ်းဖက်အဖွဲ့များ၏ စေခိုင်းမှုဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရား ပျက်ပြား စေရန်နှင့် မဟာသင်္ကြန်ပွဲတော်ကာလ အတွင်း အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာ ခုနစ်နေရာတွင် အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း-
- ဒဂုံမြို့နယ် ပြည်လမ်းအရှေ့ရပ်ကွက်ရှိ ပိုင်အိုးနီးယားကလပ်။
- လှိုင်သာယာမြို့နယ် ဘုရားလမ်းရှိ မော်ဒန်ဝမ်းတူး KTV။
- မြောက်ဥက္ကလာပမြို့နယ် မြောက်ဥက္ကလာပအဝိုင်း။
- မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေး ဗီလာ။
- ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း ရှိ Sky Way Club။
- လှိုင်သာယာမြို့နယ်ရှိ ထွန်းဖောင်ဒေးရှင်းရုံး။
- ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံတို့ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
သို့ဖြစ်၍ ဖမ်းဆီးရမိတရားခံများကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားသည်။
သတင်းစဉ်


