ချောင်းဆုံ ၁၄ ဖေဖော်ဝါရီ
မွန်ပြည်နယ် ချောင်းဆုံမြို့နှင့်ထိစပ်နေသော သံလွင်မြစ်အတွင်း သင်္ဘောများ သွားလာရေး လွယ်ကူစေရန်အတွက် မြစ်ကြောင်းရှင်းလင်းရေးအတွက် သဲစုပ်ယူလျက်ရှိရာ ကမ်းပါးပြိုကျမှုများဖြစ်ပွား လျက်ရှိပြီး မျှောပိုက်ငါးဖမ်းရေလုပ်သားများလည်း အခက်တွေ့လျက်ရှိကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ယမန်နေ့က မွန်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေး ကော်မတီအတွင်းရေးမှူး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့များက မြက်ကျွန်း၊ ဟင်္သာကျွန်းတို့သို့ ကွင်းဆင်း ကြည့်ရှုခဲ့သည်။
အဆိုပါ သဲစုပ်ယူလျက်ရှိသော ကုမ္ပဏီသည် မုဒုံမြို့နယ်ဧရိယာတွင် တူးဖော်လျက်ရှိရာမှ သတ်မှတ်ဧရိယာ ထက် ကျော်လွန်၍ ချောင်းဆုံမြို့နယ် ဧရိယာဘက်သို့ လာရောက်တူးဖော် လျက်ရှိပြီး ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ကို အမြန်ဆုံး တင်ပြသွားမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။
ဒေသခံပြည်သူများက ရပ်၊ ကျေး အုပ်ချုပ်ရေးမှူးမှတစ်ဆင့် သတင်းပေးပို့ သည့်အတွက် မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရေလုပ်သားများနှင့် ပဋိပက္ခမဖြစ်ပွားရေးအတွက် ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အထက်ဌာနအဆင့်ဆင့်သို့ ဆက်လက်တင်ပြထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
သံလွင်မြစ်အတွင်း မျှောပိုက်ချသည့် လမ်းကြောင်းမလွတ်ကင်းသည့်အတွက် ငါးဖမ်းပိုက်များ ပျက်စီးဆုံးရှုံးမှု များရှိကြောင်း သဲစုပ်ယူမှုကို ညပိုင်းတွင်သာ ပြုလုပ်လျက်ရှိပြီး မြစ်ကမ်းပါးများ ဆက်တိုက် ပြိုကျလျက်ရှိကြောင်း၊ နတ်မှော်ကျေးရွာ ဒေသခံတစ်ဦး၏ပြောပြချက်အရ သိရသည်။
ကေအေ(ချောင်းဆုံ)


