ရန်ကုန် ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တောင်သူများသို့ မျိုးစေ့ချ ကိရိယာများ၊ သွင်းအားစုဓာတ်မြေဩဇာ ထောက်ပံ့ခြင်းနှင့် မျိုးစေ့ချကိရိယာဖြင့် နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက သန်လျင်မြို့နယ် ဘယက်ကျေးရွာတောင်သူ ဦးကျော်ဝင်းနိုင်၏ လယ်မြေဧက ၁၀၀ ၌ ကျင်းပသည်။
ဦးစွာ သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်နှင့် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်တို့က မျိုးစေ့ချကိရိယာများအား စနစ်တကျ ကိုင်တွယ်အသုံးပြုခြင်းဖြင့် တောင်သူများရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ချကိရိယာနှင့် သွင်းအားစုဓာတ်မြေဩဇာများကို တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်နိုင်၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးမှူး ဦးတင်မောင်ကြည်နှင့် သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းတို့က ပေးအပ်ကြသည်။
ထို့နောက် တက်ရောက်လာကြသူများနှင့် ဒေသခံတောင်သူများက နွေစပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကွင်းသရုပ်ပြခြင်း၊ ဆိုလာစနစ်ဖြင့် ရေသွင်းနေမှုနှင့် မျိုးစေ့ချကိရိယာများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)


