သရက် ၁၄  ဖေဖော်ဝါရီ 

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ် (၆)မြို့နယ်ရှိ ကျေးရွာပေါင်း (၃၂)ရွာ၌ မူလခွင့်ပြု ရန်ပုံငွေကျပ် ၃၈၄ ဒသမ ၃သန်းနှင့် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ် ၄၁ ဒသမ ၃၅၃ သန်း တို့ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါရေရရှိရေးလုပ်ငန်းများကို သရက်မြို့နယ်တွင် လေးရွာ၊ ကံမမြို့နယ်တွင် (၄)ရွာ၊ မင်းတုန်းမြို့နယ်တွင် တစ်ရွာ၊ မင်းလှမြို့နယ်တွင် ရှစ်ရွာ၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၁၀ရွာနှင့် အောင်လံမြို့နယ်တွင် (၅)ရွာ စုစုပေါင်း (၃၂)ရွာ အား မြေသားရေကန်တူးဖော်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်း၊ စက်ရေတွင်းတူးဖော်ခြင်းနှင့် အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ် တန်းခြင်းလုပ်ငန်းများ ပါဝင်ကြောငး် ခရိုင်ဦးစီးမှူး ဦးအောင်ကြီး က ပြောပြသည်။

 

သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးရှိ ကျေးရွာများ သန့်ရှင်းသော သောက်သုံးရေများရရှိစေရန် ရည်မှန်းချက်နှင့်အညီ ကျေးလက်နေပြည်သူများ၏ ကျေးရွာများ၏ ရေရရှိရေး လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးလုပ်ငန်းများ လျာထားကာ နှစ်စဉ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

 

ဆုဝေထွန်း(သရက်)