ခန္ဓာကိုယ် အဝလွန်ခဲ့စဉ်က ကိုယ်တွေ့ ကြုံခဲ့ရသည့် Body Shaming လုပ်ခြင်းခံခဲ့ရမှုများနှင့် ဝိတ်ချရန် ဆုံးဖြတ်ပြီးနောက်ပိုင်း ဝိတ်ချခဲ့ပုံများကို ပရိသတ်များသိရှိကာ အဝလွန်နေသူများ အနေဖြင့် ကြိုးစား၍ ဝိတ်ချလိုစိတ် ဖြစ်လာစေရန်အတွက် သရုပ်ဆောင် စမိုင်းက ‘Sharing is Caring’ စာအုပ်ကို ထုတ်ဝေခဲ့သည်။ ဖေဖော်ဝါရီ ၁၆ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel ရှေ့ ၌ ဖွင့်လှစ်သည့် စာအုပ်ဈေးရောင်းပွဲတော်တွင် စမိုင်းက ပရိသတ်များနှင့် တွေ့ဆုံခဲ့ကာ စာအုပ်အတွက် အမှတ်တရ လက်မှတ်ရေးထိုးပွဲကိုလည်း ပြုလုပ်ခဲ့သည်။

စမိုင်းရဲ့ Sharing is Caring စာအုပ် ထုတ်ဖြစ်တာက ကိုယ့်လို Body Shaming လုပ်ခံနေရသူတွေကို အခုလိုလေး ကြိုးစားစေချင်လို့ပါ။ စမိုင်းက ဝတာ ပေါင် ၂၂၀ တောင်ဖြစ်သွားခဲ့တယ်။ အခု ပေါင် ၁၃၀ ပဲ ရှိတော့တယ်၊ စပြီး ဝလာတော့ စမိုင်းက စိတ်ထဲမှာ ဘာမှမဖြစ်ဘူး၊ အဲဒီတုန်းက နိုင်ငံခြားမှာနေတာလေ၊ မြန်မာပြည်ရောက်တော့ ဈေးဝယ်သွားတော့ တော်တော်ဝလာတယ်နော်၊ ဝိတ်ချဦးလို့ ပြောကြတယ်၊ နောက်ဘုရားသွားတော့ ဓာတ်လှေကားထဲမှာ ဟယ်- အရမ်းတွေ ဝနေတာ၊ ဝိတ်ချဦး၊ ယောကျာ်းက ပစ်သွားမယ်၊ ဘာညာနဲ့ ပြောတာ၊ လူတွေကလည်း ဓာတ်လှေကားထဲမှာ ဝိုင်းကြည့်နေတာ၊ ရှက်ပြီး ဘုရားပေါ်မှာတင် ငိုခဲ့ရတယ်၊ ကိုယ်က တစ်လောကလုံးမှာ အဝဆုံးလား၊ ရုပ်အဆိုးဆုံးလား၊ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီလား၊ အပြင်မှာအားလုံးက ပိန်ပြီး လှနေကြတာလားပေါ့၊ တစ်ယောက်နဲ့ တစ်ယောက် အပြစ်ပြောနေမယ့်အစား ဖေးဖေးမမနဲ့ ကူညီလို့ရှိရင် လူ့ဘဝကြီးက ပျော်ရွှင်ကျေနပ်စရာပါ၊ အဲဒါအပြင် ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဆီးချိုတက်ချင်သလိုဖြစ်တာနဲ့ နှစ်ယောက်လုံး ဝိတ်ချဖြစ်ခဲ့တာပါ ဟု စမိုင်းက ပြောသည်။

စာအုပ်ထဲမှာ Cyber Bullying နဲ့ Body Shaming အလုပ်ခံရတာ မကောင်းဘူးဆိုတာ ရေးထားတယ်၊ တကယ်တော့ စမိုင်းက စာရေးတာကို ဝါသနာပါလို့မဟုတ်ပါဘူး၊ လုံးဝ မရေးတတ်ပါဘူး၊ စာစီစာကုံးတစ်ပုဒ်တောင် ကောင်းကောင်း မရေးတတ်ဘူး၊ အခု စာအုပ်ထဲမှာလည်း စကားပြောသလိုပဲ ရေးထားတာပါ၊ နိုင်ငံခြားမှာနေတုန်းကတော့ ကိုယ့်ကို ယောကျာ်းကပစ်သွားမှာလားဆိုတဲ့စိတ်မျိုး မဝင်ခဲ့ဘူး၊ မြန်မာပြည် ပြန်ရောက်မှ ငါတကယ်ပဲ ဝနေတာကြောင့် ငါ့ယောကျာ်းက ပစ်သွားမှာလား ဆိုတာမျိုးတွေ ဖြစ်ခဲ့တယ်၊ ကြောက်တဲ့စိတ်တွေ ဖြစ်ခဲ့ပေမယ့် စမိုင်းယောကျာ်း ဘယ်လိုနေနေ ချစ်တာမို့လို့လည်း ကျေနပ်ပါတယ်ဟု စမိုင်းက ရယ်ရယ် မောမောနှင့် ဆိုသည်။

ကိုလင်း