သထုံ စက်တင်ဘာ ၂၄
မွန်ပြည်နယ် သထုံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသားကျောင်းသူများအား ကြက်ဥနှင့် နွားနို့အာဟာရ တိုက်ကျွေးခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်သည်။
အခမ်းအနားတွင် သထုံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာနှင်းက ၂၀၂၅ ခုနှစ် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ် တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ် ဖြစ်သည့်“ခွေးရူးရောဂါကင်းစင်ရေး မနှေးအမြန်လက်တွဲပေး”နှင့်အညီ ခွေးရူးရောဂါ ကင်းစင်အောင် ပူးပေါင်း ဆောင်ရွက်ကြရေး ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ သထုံမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်မင်းမောင်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းဦးတို့က ခွေးရူးရောဂါ၏ လက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံများ၊ ကာကွယ်ရန် နည်းလမ်းများ စသည့် ခွေးရူးရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ သိကောင်း စရာတို့ကိုလည်းကောင်း ခရိုင် စားသုံးသူ ကာကွယ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း က စားသုံးသူအခွင့်အရေးနှင့် ကာကွယ်ရေးဆိုင်ရာ သိကောင်း စရာတို့ကိုလည်းကောင်း ဆွေးနွေး ဟောပြောခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)


