သထုံ ၂၅ ဖေဖော်ဝါရီ

 

မွန်ပြည်နယ်၊ သထုံမြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာပေပြန့်ပွားရေး အဖွဲ့တို့ ပူးပေါင်းကာ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက သထုံမြို့၏ကျက်သရေဆောင် ရွှေစာရံစေတီတော် မြောက်ဘက်မုခ်အနီး၌ ကျင်းပခဲ့သည်။

 

0156

 

ဒေသခံပြည်သူများအနေဖြင့် စာအုပ်စာစောင်များကို ဈေးနှုန်းချိုသာစွာဖြင့် တစ်နေရာတည်း၌ အလွယ်တကူ ဝယ်ယူဖတ်ရှုနိုင်ပြီး စာဖတ်ရှိန်မြှင့်မားစေရန်ရည်ရွယ်၍ စာအုပ်ဈေးရောင်းပွဲတော်ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့မှသိရသည်။

 

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးမော်၊ ရွှေစာရံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေ၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း နာယက ဦးစောဘသိန်းနှင့် မြို့နယ်စာပေပြန့်ပွားရေးအသင်းမှ တာဝန်ခံ ဦးညီသုခတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသူတို့က ခင်းကျင်းထားသည့် စာအုပ်စာစောင်များကို လိုက်လံကြည့်ရှုသည်။

 

အဆိုပါစာအုပ်ဈေးရောင်းပွဲတော်တွင် ဗုဒ္ဓဝင်ရုပ်ပြ၊ ကာတွန်း၊ ပုံပြင်၊ ဆေးရောင်ခြယ်၊ ကလေးစာပေများနှင့် သုတ၊ ရသ စာအုပ်မျိုးစုံတို့ကို စာပေတိုက် (၂၁) တိုက်တို့မှ ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ (၁) ရက်နေ့ အထိစည်ကားသိုက်မြိုက်စွာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

သက်ဦး(သထုံ)