နီဇော်သစ်

စပိန်နိုင်ငံရေးဒဿနပညာရှင် မန်နျူရယ်ကက်စ်တဲလ်၏ “ပါဝါဆိုတာ   ဆက်သွယ်ရေး အဆောက်အအုံကို ပုံဖော်နိုင်စွမ်းဖြစ်တယ်” ဆိုသည့် အရေးအသားမှာ နာမည်ကျော်သည်။ စက်မှုခေတ်က ပါဝါသည်  အစိုးရ၊  နိုင်ငံရေးပါတီများ၊ ရုပ်သံသတင်းဌာနများနှင့် ကော်ပိုရိတ် လူ့မလိုင်များဆိုပြီး အဆင့်ဆင့်စီးဆင်းသည်။ သူတို့က တစ်ဖြောင့်တည်း စီးဆင်းသော သတင်း အချက်အလက်များကို ထိန်းချုပ်ပြီး အများပြည်သူဘဝတို့၏ ‘တရားဝင် အမှန်တရား’ ကို ဖော်ဆောင်သည်။

သတင်းနည်းပညာ   ဖွံ့ဖြိုးတိုးတက်လာပြီးနောက် အဆိုပါတစ်ကြောင်းဆွဲ သတင်းလမ်းကြောင်းမှာ တစ်စတစ်စ ပုံပျက်လာ၏။ ဒစ်ဂျစ်တယ်ကွန်ရက်တို့သည် အထက်အောက် မိုဒယ်ကို စတင်တိုက်စားသည်။ အစပိုင်းတွင် အင်တာနက်၊ နောက်ပိုင်းတွင် အင်တာနက်အခြေပြု  လူမှုမီဒီယာများမှတစ်ဆင့် လူတစ်ဦးတစ်ယောက်ချင်းစီသည်   မည်သည့်အဖွဲ့အစည်း၏   ကြားဝင်စွက်ဖက်မှုကိုမှ  မခံရဘဲ ထုတ်ဝေခွင့်ရလာသည်။ အဖွဲ့လိုက် စုစည်းလာနိုင်သည်။ အဖွဲ့လိုက် ရွေ့လျားလာနိုင်သည်။ ဤနေရာ၌ လွတ်လောက်မည့် လှုပ်ရှားမှုများကိုရွေးပြီး ဥပမာပေးရလျှင် Occupy Wall Street လို၊ #MeToo လို လှုပ်ရှားမှုများဖြစ်သည်။

ရုတ်တရက်ကြည့်လိုက်လျှင်  ထိုပါဝါ၌ ဗဟိုချက်မရှိဟု ယူဆစရာရှိသည်။ သို့သော် ထိုသို့ ပြီးပြည့်စုံခြင်းမျိုးဆိုသည်မှာ မရှိ။ အများဂရုစိုက်မှု သည်ပင်လျှင် စီးပွားရေးဖြစ်ရာ ကိုယ်ပိုင်မညီမျှမှုများရှိနေသည်။ အင်တာနက်နှင့် လူမှုကွန်ရက်များထဲတွင် အဖွဲ့အစည်းလိုက် ဝင်ရောက်စွက်ဖက်မှုမျိုး မရှိသလောက်နည်းသည့်တိုင် နောက်ကွယ်တွင် အယ်လ်ဂိုရစ်သမ်များက ထိန်းချုပ်ထားသည်။ ထိုအယ်လ်ဂိုရစ်သမ်များက သန်းပေါင်းထောင်နှင့်ချီသော လူတို့၏အကြားအမြင်ကို ထိန်းချုပ်ထား သည်။    ထိုအယ်လ်ဂိုရစ်သမ်များကို   စုစည်းပြီး ပလက်ဖောင်းများဟု  ခေါ်ဆိုနိုင်သည်။  ထိုပလက်ဖောင်းများတွင် ပိုင်ရှင်ရှိသည်။ ထိုပိုင်ရှင်များသည် သန်းပေါင်းထောင်နှင့်ချီသော   လူတို့၏   အကြားအမြင်ကို ထိန်းချုပ်နိုင်သော မမြင်ရသည့်အုပ်ချုပ်သူများ    ဖြစ်မှန်းမသိဖြစ်လာသည်။   ထို့ကြောင့် သတင်းနည်းပညာသည်  လူအများထံသို့သာ နိုင်ငံရေးပါဝါပြန်လည်ဖြန့်ဝေပေးသည်မဟုတ်။ ပလက်ဖောင်းပိုင်ရှင်များသည်  ပါဝါအများဆုံးရရှိသူများဖြစ်လာသည်။ ကက်စ်တဲလ်ကပင်လျှင် “အခု အချိန်မှာတော့ ပါဝါဟာ လူမှုဆက်သွယ်ရေးကုဒ်တွေ ပေါ်မှာတည်နေပြီ” ဟု    မှတ်ချက်ပြုထားသည်။ ထိုကုဒ်များကို  တိုင်းပြည်နိုင်ငံအစိုးရများက ပိုင်ဆိုင်သည်မဟုတ်။ ကော်ပိုရေးရှင်းကြီးများက ပိုင်ဆိုင်သည်။

အင်တာနက်နှင့် လူမှုမီဒီယာများ တစ်ရှိန်ထိုး တိုးတက်လာချိန်တွင် သန်းပေါင်းထောင်နှင့်ချီသော လူတို့၏  အချက်အလက်များသည်  ခေတ်အခေါ် လိုင်းပေါ်သို့ ရောက်လာသည်။ ထိုအချက်အလက်များကို  စုဆောင်းခြင်း၊  လေ့လာဆန်းစစ်ခြင်းနှင့် ငွေဖြစ်အောင်လုပ်ခြင်းတို့သည်  ယနေ့ခေတ် ဒစ်ဂျစ်တယ်ကော်ပိုရေးရှင်းကြီးများ၏ အဓိကငွေဝင် ပေါက်ဖြစ်လာသည်။  တစ်ချိန်တည်းမှာပင် ထိုအချက်အလက်တို့သည် တိုင်းပြည်နိုင်ငံ အစိုးရတို့အတွက်လည်း အလွန်အရေးပါလျက်ရှိသည်။ အစိုးရတို့က စုဆောင်းခြင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် အုပ်ချုပ်ခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်သည်။ ထိုအချက်အလက်တို့၏ ကြိုတင်ခန့်မှန်းစေနိုင်ခြင်းနှင့် လူတို့၏ အမူအကျင့်တို့အပေါ် လွှမ်းမိုး နိုင်ခြင်းတို့က စီးပွားရေးအရရော နိုင်ငံရေးအရပါ ကြီးမားသောပါဝါတစ်ခုကို ဖြစ်စေသည်။  သဘာဝချင်းတူသည့်အတွက် အစိုးရများနှင့် ကော်ပိုရေးရှင်းကြီးများအကြား  အချက်အလက်ရယူရေးအတွက် အားပြိုင်မှုများကိုပါ  မြင်တွေ့လာရသည်။ ထိုအကြောင်းကို နိုင်ငံရေးဒဿန ပညာရှင် ဆိုရှာနာ ဇူဘော့ဖ်၏    ၂၀၁၉  ခုနှစ်ထုတ် The Age of Surveillance Capitalism ဆိုသည့် စာအုပ်တွင် တော်တော်လေးကို  ကျယ်ကျယ်ပြန့်ပြန့်  လေ့လာသုံးသပ်ထားသည်။

ထိုစာအုပ်ခေါင်းစဉ်မှာပင် စောင့်ကြည့်ခြင်းဟုဆိုနိုင်သည့် Surveillance ဆိုသည့် စကားလုံးကို တွေ့မြင်နိုင်သည်။ ယင်းမှာ ယနေ့ခေတ်အစိုးရနှင့် ကော်ပိုရေးရှင်းကြီးများ လုပ်နေသည့်ကိစ္စဖြစ် သည်။ အစိုးရတို့က အုပ်ချုပ်ရေး၊ ရဲလုပ်ထုံး၊ လူမှုရေး စီမံခန့်ခွဲမှုများအတွက် စောင့်ကြည့်ရန် လိုအပ်သည်။ ကော်ပိုရေးရှင်းများက ကြော်ငြာနှင့် ဩဇာလွှမ်းမိုးမှုတို့အတွက်  စောင့်ကြည့်ရန် လိုအပ်သည်။   လက်ရှိအချိန်တွင်     အစိုးရနှင့်    ကော်ပိုရေးရှင်းတို့၏ စောင့်ကြည့်မှုနယ်ခြားစည်းမှာ မှုန်ဝါးလာပြီဟု ပညာရှင်များက သုံးသပ်သည်။ တစ်ချိန်က အချုပ်အခြာအာဏာပိုင်နယ်မြေနှင့် ဥပဒေစိုးမိုးမှုတို့အပေါ် တွင် အခြေစိုက်သော နိုင်ငံရေးပါဝါသည် ယခုအချိန်တွင် ကျယ်ပြန့်သော သတင်းအချက်အလက် ဂေဟစနစ်များထဲတွင် ထွန်ယက်စိုက်ပျိုး သီးပွင့်အောင် လုပ်နိုင်သည့် စွမ်းရည်ပေါ်တွင်ပါ အခြေစိုက်လာရသည်။ ကျွန်တော်တို့ခေတ်၏   နာမည်ကျော် စာရေးဆရာ ယူဗယ်နိုအာ ဟာရာရီက ၂၀၁၈ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်    “၂၁ ရာစုမှာ  အချက်အလက်ကို ထိန်းချုပ်တဲ့သူက အနာဂတ်ကို ထိန်းချုပ်မှာ။ မြေနဲ့စက်တွေကို ထိန်းချုပ်တဲ့သူတွေ မဟုတ်တော့ဘူး”ဟု ပြောဖူးသည်။

တိုင်းပြည်နိုင်ငံများအကြားတွင်လည်း သတင်းနည်းပညာ၏ ပါဝါပြန်လည်ဖြန့်ဝေမှုက  သိသာထင်ရှားသည်။ အမေရိကန်ပြည်ထောင်စုသည် ဆော့ဖ်ဝဲ၊ ကလောက်ပလက်ဖောင်းများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းဒီဇိုင်းများ၌ ဦးဆောင်မှုကို ဆက်ထိန်းထားသည်။ တရုတ်နိုင်ငံက ပဉ္စမမျိုးဆက် အခြေခံအဆောက်အအုံများ၊ အီး-ကောမာ့စ်နှင့် စောင့်ကြည့်ရေးနည်းပညာများတွင် ဦးဆောင်သည်။ သတင်းအချက်အလက်က နိုင်ငံရေးပါဝါကို ဖြစ်တည်လာစေသည့်   အနေအထားတွင်   ထိုသို့  ဦးဆောင်နိုင်စွမ်းမရှိသော နိုင်ငံများအကြား ဒစ်ဂျစ်တယ်  အချုပ်အခြာအာဏာနှင့်  နည်းပညာ အမျိုးသားရေးဝါဒဆိုသော   သဘောတရားများ  ထွန်းကားလာခဲ့သည်။

သမိုင်းတစ်လျှောက် အမေရိကန်ပလက်ဖောင်းများကို မှီခိုခဲ့သော ဥရောပသည် ကိုယ်ပိုင်ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာကို တည်ဆောက်ရန် ကြိုးစားလာသည်။ ဂျီဒီပီအာရ်ဟု အတိုကောက်ခေါ်သည့် အထွေထွေအချက်အလက် ကာကွယ်ရေးဥပဒေကို ပြဋ္ဌာန်းသည်။ အလားတူ  တစ်ချိန်က  နည်းပညာလောကကို ဦးဆောင်မှုတစ်နေရာရခဲ့သော်လည်း ယနေ့အချိန်တွင် ထိုင်ဝမ် နှင့် တောင်ကိုရီးယားကို ဖယ်ပေးထားရသည့် ဂျပန်ကလည်း ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာပိုင် ဖြစ်အောင်   ကြိုးစားနေသည်။ အလားတူ   ကြိုးစားမှုများထဲတွင် အရှေ့တောင်အာရှမှ ဗီယက်နမ် နိုင်ငံလည်း ပါဝင်သည်ကို တွေ့ရသည်။ ထိုသို့ ကြိုးစားအားထုတ်မှုများကိုပင် နည်းပညာ အမျိုးသားရေးဝါဒဟု ခေါ်ကြခြင်းဖြစ် သည်။

ဤနေရာတွင် ကမ္ဘာ့နိုင်ငံများ၏ အတွင်းဘက်လှည့်မှုကို    မြင်တွေ့လာရသည်။ ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့သလို  ပလက်ဖောင်းတစ်ခု အောက်သို့ဝင်လိုက်သော လူတစ်ယောက်သည် ထိုပလက်ဖောင်းကိုပိုင်ဆိုင်သော ကော်ပိုရေးရှင်း၏ နိုင်ငံသားဖြစ်သွားသည်။ သူ့အချက်အလက်များကို ကော်ပိုရေးရှင်းက ပိုင်သွားသည်။ လူမှုကွန်ရက်လို ပလက်ဖောင်းမျိုးဆိုလျှင်  ထိုပလက်ဖောင်းပေါ်၌ ကိုယ်ရေးနေသည့်   အကြောင်းအရာနှင့်   အရေးအသားတို့ကို မူတည်ပြီး ကိုယ်ဘယ်လိုတွေးသလဲဆိုသည်ကိုပင် သိနိုင်စွမ်းရှိသည်။ ယင်းမှာ နယ်မြေနှင့် ဥပဒေစိုးမိုးရေးတို့ကို ပိုင်ဆိုင်သော အစိုးရတို့၌ပင် ရှိမထားသောပါဝါမျိုးဖြစ်နေသည်။ ထို့ကြောင့် ထိုအချက်အလက်များကို ကော်ပိုရေးရှင်းတို့က ကြော်ငြာနှင့် လွှမ်းမိုးမှုအတွက်သာ သုံးသည်လား။ သို့မဟုတ် ကော်ပိုရေးရှင်းတို့ အခြေတည်သည့် နိုင်ငံအစိုးရများက နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ယူသုံးနိုင် လားဆိုသည်မှာ သတင်းနည်းပညာ ခေတ်နှောင်းပိုင်းတွင်  တိုင်းပြည်နိုင်ငံအစိုးရတို့အတွက် စိုးရိမ်စရာကိစ္စဖြစ်လာသည်။ ထို့ကြောင့်လည်း အတွင်းဘက်သို့  ပြန်လှည့်ကြရခြင်းဖြစ်သည်။ ကိုယ့်နိုင်ငံသားတို့   ကိုယ့်နိုင်ငံက  ပိုင်ဆိုင်သည့် ပလက်ဖောင်းပေါ်တွင် ရှိနေခြင်းသည်သာလျှင် နိုင်ငံ၏   အချုပ်အခြာအာဏာအတွက်   စိတ်ချရမည်ဆိုသည့်  အမြင်မျိုးဖြစ်သည်။    ထို့ကြောင့်  သတင်းနည်းပညာသည် အစပိုင်းနှင့် အလယ်ပိုင်းတွင် ဂလိုဘယ်လိုက်ဇေးရှင်းကို အားပေးသည့် ပုံစံမြင်တွေ့ခဲ့ရသော်လည်း နှောင်းပိုင်းတွင်မူ နည်းပညာအမျိုးသားရေးဝါဒတို့ကို ပေါ်ထွက်လာစေခဲ့သည်ဟု ဆိုနိုင်ပါသည်။