နီဇော်သစ်
“အထွေထွေသုံး နည်းပညာတစ်ခုချင်းစီသည် ဘယ်အလုပ်တို့ကို လူသားတို့ကိုယ်တိုင်လုပ်ရမလဲ၊ ဘယ်အလုပ်တို့ကို စက်များထံသို့ ခွဲဝေပေးနိုင်မလဲဆိုသည်ကို ပြန်လည်ပိုင်းဖြတ်ပေးခြင်းအားဖြင့် ငွေရင်းနှင့် လုပ်အားကြားမှ ပါဝါကို ပြန်လည်နေရာ ချထားလေ့ရှိကြသည်။”
ယင်းမှာ ဒစ်ဂျစ်တယ်စီးပွားရေးနယ်ပယ်မှ ပညာရှင်များဖြစ်ကြသည့် အဲရစ်ဘရိုင်ညော်ဆင်နှင့် အင်ဒရူးမက္ကာဖီးတို့၏ ၂၀၁၄ ခုနှစ်ထုတ် The Second Machine Age စာအုပ်ထဲမှ ကောက်နုတ်ချက်ဖြစ်သည်။ စီးပွားရေး၏ ပင်မဒေါက်တိုင်များဖြစ်သော ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် မြေယာ၊ လုပ်အားနှင့် အရင်းအနှီးမှာ အခြေခံအကျ ဆုံးအချက်များဖြစ်ကြောင်း သိကြပြီးသား။ ဤနေရာတွင် ငွေရင်းနှင့် လုပ်အားကြားမှ ပါဝါဆိုသည်မှာ လူ့လုပ်အားထုတ်လုပ်မှုမှ အကျိုးအမြတ်ရသည့် အပိုင်းနှင့် လုပ်အားမထုတ်လုပ်ရဘဲ အကျိုးအမြတ်ရသည့်အပိုင်းတို့ကို ခွဲခြားပြဆိုခြင်းဖြစ်သည်။
ငွေရင်းနှင့် လုပ်အားတို့ကြားမှ ပါဝါပြန်လည်ချထားခြင်းကို စက်မှုတော်လှန်ရေးအဆင့်ဆင့်တွင် ပုံစံအမျိုးမျိုးတွေ့မြင်ခဲ့ရသည်။ ကိုလိုနီခေတ်နှင့်အတူ မွေးဖွားလာပြီး ပထမကမ္ဘာစစ်မတိုင်မီ အပြီးသတ်ခဲ့သည်ဟုဆိုနိုင်သည့် ပထမနှင့် ဒုတိယစက်မှုတော်လှန်ရေးများတွင် အလုပ်ကြမ်းများ သို့မဟုတ် အောက်ခြေအလုပ်များတွင် စက်များက အစားထိုးဝင်ရောက်ခဲ့သည်။ တစ်နည်းအားဖြင့် လူသားစွမ်းအင်၊ တိရစ္ဆာန်စွမ်းအင်တို့နေရာတွင် ကျောက်မီးသွေးနှင့် ရေတို့၏ စွမ်းအင်များ အစားထိုးဝင်ရောက်ခဲ့သည်ဟုဆိုနိုင်သည်။ သို့သော် ထိုစက်ကြီးများကို မောင်းနှင်ဖို့၊ လယ်ယာများကို လုပ်ကိုင်ဖို့၊ လူ့လုပ်အားများစွာ လိုအပ်နေဆဲ။ ထို့ကြောင့် ငွေရင်းနှင့် လုပ်အားအကြား မျှဝေမှုသည် အကြမ်းအားဖြင့် တိုင်းပြည်တစ်ပြည်၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် သို့မဟုတ် ဂျီဒီပီတွင် လုပ်အားက ၆၀ မှ ၇၀ ရာခိုင်နှုန်း၊ ငွေရင်းက ၃၀ မှ ၄၀ ရာခိုင်နှုန်းဝန်းကျင်အတွင်း တည်ငြိမ်နေခဲ့သည်။ ဂျွန်မေနာ့ဒ် ကိန်းစ်တို့၊ နစ်ကိုးလပ်စ် ကယ်လ်ဒေါတို့လို စီးပွားရေးပညာရှင်များက ထိုတည်ငြိမ်မှုကို ထုံးမီစံပြတည်ငြိမ်မှုဟု သတ်မှတ်ခဲ့ကြသည်။
သို့သော် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း စတင်ခဲ့သည်ဟု သတ်မှတ်ထားသည့် သတင်းနည်းပညာက မောင်းနှင်သော တတိယစက်မှုတော်လှန်ရေးတွင် ထိုတည်ငြိမ်မှုပျက်ပြားသွားသည်။ ပရိုဆက်ဆာများနှင့် ကွန်ထရိုလာများ၊ တစ်နည်းအားဖြင့် ကွန်ပျူတာများနှင့်အလို အလျောက်မောင်းနှင်စက်များ ပေါ်ထွက်လာခြင်းကြောင့် ရုံးလုပ်ငန်းများနှင့် စက်မှုကျွမ်းကျင် လုပ်သားများနေရာတွင် စက်များက အစားထိုးဝင်ရောက် နေရာယူလာသည်။ သို့သော် တစ်ဖက် တွင် ဒစ်ဂျစ်တယ်နည်းပညာနှင့် နှီးနွှယ်သောအလုပ်အကိုင်အခွင့် အလမ်းအသစ်များလည်း ပေါ်ထွက်လာသည်။ ထိုသို့ဖြစ်သည့်တိုင် ငွေရင်းနှင့် လုပ်အားကြားမှ ဝေစု၏ တည်ငြိမ်မှုကို ထိခိုက်စရာမရှိဟု ထင်စရာရှိသော်လည်း တကယ်တမ်းတွင် ထိခိုက်သွားခဲ့သည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့(အိုအီးစီဒီ)၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(အိုင်အမ်အက်ဖ်)နှင့် ကမ္ဘာ့ဘဏ်တို့၏ လေ့လာမှုများအရ စီးပွားရေးအဆင့်မြင့်သော နိုင်ငံများ တွင် ဂျီဒီပီထဲမှ လုပ်အား၏ဝေစုသည် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ၆၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၀ ပြည့်လွန်နှစ်များတွင် ၅၈ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စုတွင် ၁၉၇၀ ပြည့်နှစ်တွင် ၆၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၅၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။
ယင်းမှာ စက်များက လုပ်သားများနေရာတွင် အစားထိုးဝင်ရောက်သွားခြင်းသက်သက်ကြောင့် မဟုတ်ကြောင်း ပထမနှင့် ဒုတိယစက်မှုတော်လှန်ရေးများအတွင်း ဝေစုတည်ငြိမ်မှုက ပြနေသည်။ ထိုသို့ ပါဝါဝေစုရွှေ့ပြောင်းသွားရခြင်းမှာ သတင်းနည်းပညာက တည်ဆောက်ပေးခဲ့သည့် ဒစ်ဂျစ်တယ်ကမ္ဘာသည်လည်း အကြောင်းရင်းတစ်ခုအဖြစ် ပါဝင်နေသည်။ ကုန်ထုတ်လုပ်ငန်း တစ်ခု၏ အခြေခံသုံးချက်ဖြစ်သော မြေယာ၊ လုပ်အားနှင့် အရင်းအနှီးတွင် လုပ်သားတို့ ထိတွေ့ နိုင်စွမ်းမရှိသည်မှာ မြေယာ။ စတော့ဈေးကွက်ပေါ်ပေါက်လာချိန်တွင် လုပ်သားတို့သည် အရင်းအနှီး ထဲသို့ အတိုင်းအတာတစ်ခုအထိ ထိတွေ့နိုင်စွမ်းရှိသည့်တိုင် မြေယာငှားရမ်းခသည် လုပ်သားတို့နှင့် လုံးဝနီးပါးသက်ဆိုင်ခြင်းမရှိသည်မှာ ထင်ရှားသည်။
မြေယာသည် သဘာဝအရင်းအမြစ်။ လူသားသည် မြေယာအသစ်မဖန်တီးနိုင်။ ကိုလိုနီကျူးကျော် မှုများဖြစ်ခဲ့ရာတွင် ထိုအချက်ကလည်း တစ်ချက်အပါအဝင်။ ကမ္ဘာကြီးပေါ်မှ မြေယာများကို ကျူးကျော်သိမ်းပိုက်နိုင်သည်။ သို့သော် ကမ္ဘာကြီးက ပေးထားသည်ထက်လွန်၍ မြေယာအသစ် ဖန်တီးနိုင်ခြင်းမရှိ။ သတင်းနည်းပညာက ဒစ်ဂျစ်တယ်ကမ္ဘာတစ်ခုကို ဖန်တီးလိုက်ချိန်တွင် ထိုမြင်ကွင်းမှာ ပြောင်းလဲသွားသည်။ အချက်အလက်များ၊ ကွန်ရက်များ၊ အယ်လ်ဂိုရစ်သမ်များ၊ ဉာဏမူပိုင်ခွင့်များသည် မြေယာအသစ်များဖြစ်လာသည်။ အကြောင်းမှာ မြေယာက လုပ်ပေးသလိုပင် လုပ်သားတို့ ထိတွေ့နိုင်ခြင်းမရှိသည့် ငှားရမ်းခကို ဖန်တီးပေးနိုင်ခြင်းကြောင့်ပင်။ ထိုအရာများအားလုံးပေါင်း၍ ပလက်ဖောင်းများဟု ဆိုကြပါစို့။ ယနေ့ခေတ်၏ ထိပ်တန်း ဒစ်ဂျစ်တယ်လုပ်ငန်းကြီးများဖြစ်ကြသော ဂူဂဲလ်၊ မိုက်ခရိုဆော့ဖ်၊ အမေဇုန်၊ မီတာ အစရှိသည် တို့သည် ထိုပလက်ဖောင်းများ ငှားရမ်းခဖြင့်ပင် ကြီးပွားသည်ထက် ကြီးပွားနေကြသည် မဟုတ်ပါလား။ ထိုပလက်ဖောင်းများအတွင်း လုပ်အားရှိမနေဘူးလားဆိုလျှင်တော့ လုံးလုံးမရှိသည် မဟုတ်ဟု ဆိုနိုင်သည်။ သို့သော် ဥပမာပေးရလျှင် မြေရှင်ကြီးများက စာရင်းငှားများထံမှ ငွေကောက်ရန် ခန့်ထားသော စာရေးများ၏လုပ်အားတို့လောက်သာ၊ မြေရိုင်းကို ရှင်းလင်းစဉ်က ပေးခဲ့ရသည့် လုပ်အားတန်ဖိုးလောက်သာရှိသည်ဟု ဆိုရပါမည်။
သဘာဝအရင်းအမြစ် မြေယာထက်သာလွန်သည်မှာ ဒစ်ဂျစ်တယ်မြေယာများကို လူသားတို့က အသစ်ဖန်တီးနိုင်သည်။ ပလက်ဖောင်းအသစ်များ ဆတက်ထမ်းပိုးတိုးအောင်လုပ်နိုင်သည်။ စီးပွားရေးအတွက် နောက်ထပ်အရေးကြီးသည့် ဒေါက်တိုင်တစ်ခုမှာ ဈေး။ ဈေးမရှိဘဲ စီးပွားလုပ်၍မရ။ နောက်ပိုင်း ဈေးကွက်ဟု ပြောင်းလဲခေါ်ဝေါ်လာသည်။ ထိုဈေးကွက်များသည်လည်း ဒစ်ဂျစ်တယ်မြေယာပေါ်၌ ဈေးဗန်းခင်းလာကြရသည်။ တစ်ချိန်က ကိုလိုနီခေတ်တွင် ကျူးကျော်သူတို့သည် နိုင်သူအကုန်ယူစတမ်းဆိုသည့်အတိုင်း မြေယာများကို သိမ်းသည့်အပြင် ဈေးကွက်များကိုပါ အပိုင်စီးခဲ့ကြသည်။ ယခုလည်း ဒစ်ဂျစ်တယ်မြေယာကိုပိုင်ဆိုင်သည့် လုပ်ငန်းကြီးများသည် ဈေးကွက်များကိုပါ အပိုင်သိမ်းနိုင်လာသည်။ ထို့ကြောင့် နိုင်သူပလက်ဖောင်းရော ဈေးကွက်ပါ အကုန်ယူဆိုပြီး ဖြစ်လာတော့သည်။ ထိုအရာများအားလုံးသည် တိုင်းပြည်တစ်ပြည်၏ ဂျီဒီပီ၌ ငွေရင်းဝေစုဘက်မှ စီးဝင်သည့်အပိုင်းဖြစ်သွားသည်။ ထို့ကြောင့် ငွေရင်း ဝေစုပါဝါတိုးပြီး လုပ်အားဝေစုပါဝါ လျော့လာရသည့်အထဲတွင် ထိုအချက်သည် တစ်ချက်အပါအဝင်ဟု ဆိုရခြင်းဖြစ်သည်။
အိုအီးဒီစီ၏ ၂၀၂၀ ပြည့်နှစ် ဒစ်ဂျစ်တယ် စီးပွား ရေးအစီရင်ခံစာတွင် “ဒစ်ဂျစ်တယ်စီးပွားရေးသည် နိုင်သူအကုန်ယူ ဒိုင်းနမစ်ကို အဆချဲ့ဖို့လိုလားသည်။ ဥစ္စာဓနနှင့် ပါဝါတို့ကို ပလက်ဖောင်းပိုင်ဆိုင်သူများလက်ထဲသို့ စုစည်းရောက်ရှိစေသည်”ဟု တင်ပြထားသည်။ တစ်ဖက်တွင်လည်း ဒစ်ဂျစ်တယ်ကမ္ဘာက ကျွန်တော်ပြီးခဲ့သည့်အပတ်က တင်ပြခဲ့သလို ဆန်းသစ်တီထွင်မှုကို အများသုံးနိုင်အောင် လုပ်ပေးထားသည်။ ထို့ကြောင့် စွန့်ဦးတီထွင်လုပ်လိုသူများအတွက် လမ်းများစွာပွင့်နေသည်။ ဆိုရလျှင် သတင်းနည်းပညာသည် လူလတ်တန်းစားအလုပ်သမားများကို အားလျော့စေပြီး လုပ်ငန်းရှင်များကို အားပေးသည့်နည်းပညာဖြစ်သည်။ တစ်ဖက်တွင် ပါဝါကို စုစည်းပေးနေသလို တစ်ဖက်တွင် ပါဝါကို အများအတွက်ဖြန့်ပေးနေသည်။ ယခုလောက် ဝိရောဓိဖြစ်သည့်ခေတ် ရှိပါဦးမလားဟု မညည်းပါနှင့်။ ရှေ့တွင် ထို့ထက်ရှုပ်ထွေးမည့် အေအိုင်ခေတ်က စောင့်နေပါသည်။


