သရက်ချောင်း စက်တင်ဘာ ၇

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၂၆၀၁၆ ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ရာ ဩဂုတ်လကုန်တွင် ၂၆၀၁၆ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း သရက်ချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

သရက်ချောင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးကို ဇွန်လနောက်ဆုံးပတ်မှစ၍ စိုက်ပျိုးခဲ့ပြီး ဩဂုတ်လကုန်တွင် လျာထားဧကအတိုင်း အပြည့်အဝ စိုက်ပျိုးနိုင်ခဲ့သည်။ ယခုနှစ် မိုးစပါးစိုက်ပျိုးရာတွင် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ၊ လက်ဆွဲအစေ့ချကိရိယာများဖြင့် စိုက်ပျိုးနည်းစနစ်များကို တောင်သူများက ပိုမိုတွင်ကျယ်စွာ ပြောင်းလဲစိုက်ပျိုးလာကြောင်း သိရသည်။

 

ယခုနှစ် မိုးစပါးတွင် တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးခြင်း၊ ဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာများကို အချိန်ကိုက် အချိုးကျထည့်သွင်းသုံးစွဲခြင်း နည်းလမ်းများကို မိုးစပါးမစိုက်ပျိုးမီ တောင်သူများအား နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ထားပြီး ဌာနကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စပါးမျိုးကွဲများအနေဖြင့် အောင်နိုင်တိုး၊ ဆင်းသုခ၊ GW-11၊ ဧရာမင်း၊ ကျော်ဇေယျ၊ ပေါ်ဆန်းရင် စသည့် စပါးမျိုးများကို စိုက်ပျိုးထားကြောင်း သရက်ချောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ပြောသည်။

 

ယခင်နှစ် မိုးစပါးရာသီတွင် သရက်ချောင်းမြို့နယ်၌ မိုးစပါးစိုက်ဧကပေါင်း ၂၆၀၁၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး မိုးစပါးတစ်ဧက အထွက်နှုန်းပျမ်းမျှ ၇၄ ဒသမ ၅၇ တင်းနှုန်းဖြင့် တင်းပေါင်း ၁၉၄၀၀၁၃ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)