ထီးလင်း ၂၅ ဖေဖော်ဝါရီ        


မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လူထုဗဟိပြု စီမံကိန်းရုံးမှ တတိယနှစ်စက်ဝန်း လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်သည့် လူထုဗဟိုပြု စီမံကိန်း ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေးဆိုင်ရာ သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၈ နာရီက ထီးလင်းမြို့နယ် အုံးနှောက်ကျေးရွာအုပ်စု မိုးကောင်းကျေးရွာရှိ စုရပ်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ အုံးနှောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့မှ ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေး တာဝန်ခံ ဦးကျော်ဇေယျက ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေးဆိုင်ရာ နည်းပညာ သင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 


ထို့နောက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေး တာဝန်ခံ ဦးဝင်းကိုကိုက ဝေဖန်အကြံပြုခြင်းနှင့် တိုင်ကြားဖြေရှင်းရေးဆိုင်ရာ အကျိုးတက်ရောက်မှုများနှင့် စပ်လျဉ်းပြီး အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။ 


ဆက်လက်၍ သင်တန်းကို ဖွင့်လှစ်ပို့ချရာ မြို့နယ် လူထုဗဟိုပြု စီမံကိန်းရုံးမှ လက်ထောက်နည်းပညာမှူး ဒေါ်မြတ်စုမွန်နှင့် လူထုစည်းရုံးရေးမှူး ဒေါ်စုဝေအောင်တို့က ဦးဆောင်သော သင်တန်း နည်းပြအဖွဲ့က တတိယနှစ် စက်ဝန်း လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာဝေဖန် အကြံပြု တိုင်ကြား ဖြေရှင်းရေး ကော်မတီဝင်များ တာဝန်ယူ ဆောင်ရွက်ရမည့် စီမံကိန်းနှင့် စပ်လျဉ်းသည့် ဝေဖန်အကြံပြု ဖြေရှင်းရေးစနစ် ထားရှိခြင်း၏ အကျိုးတက်ရောက်မှုများ/ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာများ/ တိုင်ကြားဖြေရှင်းရေး ဆိုင်ရာလုပ်ငန်း အဆင့်ဆင့်နှင့် စီမံကိန်းလည်ပတ်မှု လုပ်ငန်းများကို ကဏ္ဍအလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြသည်။


ယခု ဖွင့်လှစ်သည့် ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေးဆိုင်ရာသင်တန်းမှာ ထီးလင်းမြို့နယ်တွင် တတိယအကြိမ်မြောက် ဖွင့်လှစ်ပို့ချ သင်ကြားပေးခြင်းဖြစ်ပြီး / သင်တန်းသို့ ကျေးရွာ ၂၂ ရွာမှ သင်တန်းသား / သင်တန်းသူ ၅၅ ဦး တက်ရောက် သင်ကြားခဲ့ကြောင်းနှင့် သင်တန်းအား နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ထီးလင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်းရုံးမှ ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေး တာဝန်ခံ ဦးကျော်ဇေယျထံမှ သိရသည်။


ရဲဝင်းနိုင် (ညောင်ဦး)