ရန်ကုန် ဒီဇင်ဘာ ၅
ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ဘူမိဘော အဒူလျာဒက်ဂျ်၏ မွေးနေ့၊ ထိုင်းနိုင်ငံ၏အမျိုးသားနေ့နှင့် Thailand’s Father’s Day အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနေအိမ် ၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်သည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visitstump နှင့်ဇနီး၊ တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ထိုင်းနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ သံအမတ်ကြီးနှင့်ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ထိုင်းနိုင်ငံ ယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ သံအမတ်ကြီးနှင့် ဇနီးတို့က တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံပြီး ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က ထိုင်းနိုင်ငံယဉ်ကျေးမှုအဖွဲ့မှ အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းပေးအပ်သည်။
အဆိုပါ ဧည့်ခံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဇနီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စား လှယ်များနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်


