ဘန်ကောက်  ဒီဇင်ဘာ   ၁၆

ပြီးခဲ့သည့်သီတင်းပတ်က  လွှတ်တော်ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်နှင့်အတူ  ထိုင်းနိုင်ငံ၌ လာမည့်  ဖေဖော်ဝါရီ  ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ဖော်ပြချက်အရ သိရသည်။

ထိုင်းရွေးကောက်ပွဲကော်မရှင်သည် မဲပေးရမည့်ရက်ကို  ယမန်နေ့က သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်းများကို ဒီဇင်ဘာ ၂၇ ရက်မှ ၃၁ ရက်အထိ တရားဝင်စာရင်းသွင်း  ခွင့်ပြုသွား မည်ဖြစ်သည်။

ဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူလ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်‌ပြောင်းလဲရေးဆိုင်ရာ မူဝါဒများနှင့်ပတ်သက်ပြီး အတိုက်အခံ လွှတ်တော်အမတ်များနှင့်  သဘောထားကွဲလွဲမှုဖြစ်ပွားပြီးနောက် လွှတ်တော်ကို ဖျက်သိမ်းခဲ့သည်။ ဖေဖော်ဝါရီလ ရွေးကောက်ပွဲတွင် အနုတင်၏  ဘုရင်စနစ်လိုလားသော ဘွမ်ဂျိုင်းထိုင်းပါတီနှင့် အကြီးဆုံးအတိုက်အခံပါတီဖြစ်သည့်  ပြုပြင်ပြောင်းလဲရေးလိုလားသော ပြည်သူ့ပါတီတို့အကြား အဓိကအားပြိုင်မှုဖြစ်လာဖွယ်ရှိကြောင်း  သိရသည်။                                                            

အင်န်အိတ်ချ်ကေ