ဒီဇင်ဘာ ၂၂

 

ထိုင်းနိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် နိုင်ငံတကာခရီးသွားများအားလုံး ကွာရန်တင်းဝင်ရန်ဆောင်ရွက်ချက် ပြန်လည်လုပ်ဆောင်နေသည်ဟု အစိုးရကဆိုသည်။

 

ကိုဗစ်ရောဂါကူးစက်မှုကြောင့် ထိခိုက်ခဲ့သည့် ထိုင်းနိုင်ငံ၏ စီးပွားရေးပြန်လည်နာလန်ထူရန် နိုင်ငံနှင့်ဒေသ ၆၃ ခုမှ ခရီးသွားများအတွက် ကွာရန်တင်းဝင်ရန်ဆောင်ရွက်ချက်ကို နိုဝင်ဘာက ရုပ်သိမ်းခဲ့သည်။ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူများသာ ကွာရန်တင်းကင်းလွတ်ရန် လျှောက်ထားခွင့်ရှိခဲ့သည်။

 

အဆိုပါ လျှောက်ထားခွင့်လက်ခံခြင်းကို ဒီဇင်ဘာ၂၂ မှစတင်ကာရပ်နားထားသည်ဟု အစိုးရကထုတ်ပြန် ကြေညာသည်။

 

နိုင်ငံခြားခရီးမှ ပြန်လာသူများအကြား အိုမီခရွန်ကူးစက်ဖြစ်ပွားသူဦးရေ ၆၀ အထက်ရှိကြောင်း အတည်ပြုပြီးနောက်တွင် ထိုထုတ်ပြန်ချက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

ခရီးသွားများအားလုံးအနေဖြင့် နိုင်ငံအတွင်းဝင်ရောက်လာပြီးနောက် ဟိုတယ်များတွင် အနည်းဆုံးခုနစ်ရက်ကြာ သီးသန့်ခွဲခြားနေထိုင်ရန်လိုအပ်သည်။

 

သို့ရာတွင် ၎င်းကန့်သတ်ချက်အသစ်များ၏အကျိုးသက်ရောက်မှုသည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ်တွင် စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို