စစ်တွေ  ၁၇  ဖေဖော်ဝါရီ

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အဝဒါကျေးရွာအနီးတွင် ဒေသခံတောင်သူများ နွေရာသီ စိုက်ပျိုးရေရရှိရန်နှင့် မိုးရာသီ ထူးကဲဒီရေတက်ရောက်မှုမှ ကာကွယ်ရန် ရေငန်တား တာတမံတည်ဆောက်နေမှုမှာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

120.33

 

“ရေချိုချောင်းပိတ်လုပ်ငန်း ပြီးသွားရင် နွေရာသီမှာ စိုက်ပျိုးရေနဲ့ တိရစ္ဆာန်တွေအတွက် ရေချိုရရှိမယ်။ မိုးရာသီမှာ ထူးကဲဒီရေတက်လို့ စပါးခင်းတွေ ပျက်စီးတာကနေ ကာကွယ်ပေးနိုင်မယ်။ ဒီစီမံကိန်းကို ၂၀၁၈ နိုဝင်ဘာလက စလုပ်ခဲ့တာ အခုဖေဖော်ဝါရီလ ကုန်လောက်ဆို ပြီးစီးမှာဖြစ်ပါတယ်။ ပွင့်လင်းရာသီဆိုရင် အဝဒါကနေ ရသေ့တောင်ကို ဆိုင်ကယ်တွေ ကားလေးတွေနဲ့ တာပေါ်ကနေ သွားလာနိုင်မှာ ဖြစ်ပါတယ်”ဟု ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်နိုင်က ပြောသည်။

 

အဆိုပါ စီမံကိန်းအား ရသေ့တောင်မြို့နယ် အဝဒါကျေးရွာအနီးတွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး (၆ ပေ × ၆ ပေ) သုံးပေါက်  ကွန်ကရစ်ရေတံခါးတစ်ခု တည်ဆောက်ခြင်း၊ ခေါင်းတုံးချောင်း ပေ ၄၂၀ ချောင်းပိတ်ခြင်းနှင့် တာတမံ အလျားပေ ၂၀ဝ တာပုံစံကျပြုပြင် ခြင်းလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

“ဒီဒေသက နွေရာသီဆိုရင် ရေချိုရှားပါးမှုကို ဆိုးဆိုးရွားရွားခံရတယ်။ ကျွဲ၊ နွားတွေကို ရွာက အများသုံးရေကန်ကနေ ရေတိုက်ရတယ်။ ရွာမှာက ရေချိုမရလို့ ဆောင်းသီးနှံစိုက်ဖို့အတွက် အဆင်မပြေဘူး။ အခုတာတမံပြီးသွားရင် ပြားချောင်းကြီး ကျေးရွာအုပ်စုမှာပါတဲ့ ရွာလေးရွာအတွက် ဆောင်းသီးနှံစိုက်ပျိုးဖို့ ရေချိုရတဲ့အပြင် မိုးတွင်းထူးကဲဒီရေ တက်တာကိုပါ တားပေးနိုင်တယ်လို့ သိရပါတယ်”ဟု အဝဒါကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

 

ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ငွေလုံးငွေရင်းနှင့် သာမန်အသုံးစရိတ်ဖြင့် လုပ်ငန်းကိုးခု ဆောင်ရွက်ပြီးစီးခဲ့ပြီး ဆောင်ရွက်ဆဲလုပ်ငန်း ၅၅ ခုရှိကြောင်း သိရသည်။

 

(ဟန်လင်းထက်)