စွမ်းပြည့်
ဝမ်းနည်းစိတ်မကောင်းစရာ ကောင်းတာတစ်ခုက တချို့မှာ ဘယ်လိုမှ ပြုပြင်လို့ မရနိုင်တော့တဲ့ အနေအထားတွေကို နေ့စဉ်မြင်တွေ့၊ ကြားသိနေရတယ်။၊ အထူးသဖြင့် မစဉ်းစားတတ်၊ ဆင်ခြင်တုံတရား နည်းသူတွေရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်အပိုင်းကို ဆိုချင်တာပါ။
နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တစ်ခုကို ဘယ်လို စိတ်ဓာတ်တွေနဲ့များ ဖျက်ဆီးရက်သလဲ။ လူ့အဖွဲ့ အစည်းရဲ့အကျိုးစီးပွားပျက်စီးရာ၊ ပျက်စီးကြောင်းကိုမှ ကြံဖန်ဖျက်ဆီးတတ်တဲ့ ပညာမဲ့စိတ်ဓာတ်တွေကို ဘယ်လိုမွေးယူခဲ့ကြသလဲ။ တော်လှန်ရေး အကြောင်းပြ လုပ်ချင်ရာလုပ်နေတဲ့ ဒီလိုအကြမ်းဖက်နဲ့ ဒီလိုအဖွဲ့အစည်းတွေ နိုင်ငံမှာရှိနေတာကိုက အလွန်ကို ဝမ်းနည်းစရာကောင်းလှပါတယ်။
ဒီလိုအကြမ်းဖက်တွေက မြန်မာနိုင်ငံမှာ ဆက်လက်ရှိနေဖို့ သင့်ပါဦးမလား။ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာ ဒီလိုလူမျိုး၊ ဒီလိုအဖွဲ့တွေ ရှိသင့်ပါသလား။ လူမှန်နေရာမှာ နေရာပေးဖို့သင့်ပါမလား။ ယုံယုံကြည်ကြည်နဲ့ လက်တွဲဖို့ ထိုက်ပါ့မလား၊၊ လက်ရှိ အဖျက်သမားတွေအပေါ်ထားတဲ့ လူကြီးလူကောင်းဆန်တဲ့ တာဝန်ရှိသူတွေရဲ့ အပြုသဘော နှလုံးရည်နဲ့က ဒီလိုလူမျိုးတွေနဲ့ရော ထိုက်တန်မှုရှိရဲ့လား၊ တန်ရဲ့လား။ ဒီလောက်ပျက်စီးနေတဲ့ အဖျက်စိတ်ဓာတ်တွေနဲ့ လက်ရှိခံယူထားတဲ့ ကိုယ့်တိုင်းရင်းသားအချင်းချင်း၊ ကိုယ့်နိုင်ငံသား အချင်းချင်းဆိုတဲ့ စိတ်ဓာတ်နဲ့ သွားနေတဲ့ အမျိုးသားရေးနဲ့ အမျိုးသားအကျိုးစီးပွားလမ်းကြောင်းများနဲ့ရော အံဝင်ခွင်ကျ ညီညွတ်မျှတမှု ဖြစ်ပါရဲ့လား။
သမိုင်းဝင်အမွေအနှစ်တစ်ခုဆိုတာ သိရဲ့လား
နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိတဲ့ ကမ္ဘာကျော် ဂုတ်ထိပ်တံတားဆိုတာ ကိုလိုနီခေတ်ကမ္ဘာ့အံ့ဖွယ် စာရင်းဝင်တစ်ခုပါ။ မြန်မာနိုင်ငံမှာ အမြင့်ဆုံး၊ ကမ္ဘာ မှာ ခဲရာခဲဆစ် တည်ဆောက်ခဲ့ရတဲ့ ဒုတိယအမြင့်ဆုံး၊ အကြီးဆုံး မီးရထားသံလမ်းတံတားကြီးအဖြစ် မှတ်ကျောက်တင်ခံရတဲ့ မြန်မာတို့ရဲ့ ဂုဏ်ယူဖွယ် ရှေးဟောင်းအမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာတို့ရဲ့ အထင်ကရ အမှတ်အသား၊ ရှမ်းပြည်နယ်နဲ့ ရှမ်းလူမျိုးတို့ရဲ့ ယဉ်ကျေးမှု အလှတရားတစ်ခုလည်းဖြစ်တယ်။ ဒီတံတားကြီးကို ဖျက်ဆီးလိုက်တဲ့ TNLA နဲ့ လက်အောက်ခံ PDF အကြမ်းဖက်တွေအနေနဲ့ ဂုတ်ထိပ်တံတားအကြောင်း နဲ့ တံတားကြီးရဲ့တန်ဖိုးကို သိဟန်မတူဘူး။ မြန်မာနိုင်ငံမှာ သမိုင်းမရှိတဲ့သူနဲ့ သမိုင်းမသိသူ၊ တန်ဖိုးမသိသူနဲ့ တန်ဖိုးနားမလည်သူ၊ ဖျက်ဆီးသူနဲ့ လိုက်ဖာပေးသူ လူတန်းစားနှစ်ရပ်ရှိကြတာ အထူးအဆန်း မဟုတ်တော့သလိုပါပဲ။ ဒါကြောင့်လည်း အဖျက်သမားဆိုတဲ့ ဝေါဟာရက အလကားဖြစ်လာတာ မဟုတ်ဘူး။
ဒီအတွက် အခုလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ အဖျက်လုပ်ရပ်မျိုး ပြည်သူက လက်သင့်ခံဖို့ သင့်ပါ့ မလား၊ လုံးဝလက်မခံနိုင်ပါ။ ကန့်ကွက်ရှုတ်ချရမှာပါ။ ဒါကြောင့်လည်း ဘာသာရေးအဖွဲ့အစည်းတွေ၊ အသင်းတော်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ချစ်ကြည်ရေး၊ စီးပွားရေးအသင်းအဖွဲ့တွေ စသည်ဖြင့် အဖွဲ့အားလုံးနီးပါး ကန့်ကွက်ရှုတ်ချနေကြတာကို တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။
Drop ဗုံးလား TNT လား
မြန်မာပြည်က အကြမ်းဖက်တွေက သူတို့အဖျက်လုပ်ရပ်တစ်ခုခုကြောင့် ပြည်သူရဲ့ ဝေဖန်သံ တွေ များပြားလာတဲ့အခါ သွေးရူးသွေးတန်းနဲ့ မျက်စိမှိတ်ငြင်းခုံတတ်တာ ပုံမှန်ဖြစ်နေပြီ။ သူတို့ လုပ်တာမဟုတ်ကြောင်း ဗြောင်ငြင်းပြီး အရှက်မရှိ အောက်လုံးတွေနဲ့ တပ်မတော်ကို တစ်ဖက်သတ် စွပ်စွဲတဲ့အကျင့်ကလည်း ရိုးနေပါပြီ။ ငြင်းရင်လည်း ပညာမပါ၊ တစ်ဖက်ပိတ် ငြင်းတော့တာ။ ယခုလည်းကြည့်။ တပ်မတော်ရဲ့Drop ဗုံးချတိုက်ခိုက်မှုကြောင့် တံတားပျက်စီးရတာပါတဲ့။ ဖျက်ဆီးခံရတဲ့ တံတားဟာ သံမဏိပေါင်နဲ့ ခိုင်ခိုင်ခံ့ခံ့ရှိတဲ့ တံတား အမျိုးအစားပါ။
ပေ ၆၀ ခန့်အရှည်ရှိ သံမဏိတံတားကြီး ပြတ်ထွက်သွားအောင်ခွဲတဲ့ ဗုံးအမျိုးအစားဟာ Drop ဗုံးကချနိုင်တဲ့ ဗုံးပမာဏထက်တော့များရမှာ သေချာတယ်။ Drop ဗုံးကြောင့် ဆိုရင်လည်း အဲဒီလောက်အထိ ပျက်စီးမှုပမာဏရှိအောင် ဒရုန်းများစွာနဲ့ ဗုံးအရေအတွက် အများကြီးချမှရလိမ့်မယ်။ ပျက်စီးတဲ့ တံတားအစိတ်အပိုင်း ကြည့်ပြန်ရင်လည်း ကျောက်မဲဘက်၊ တံတားနဲ့မြေပြင် အဆက်အစပ် ကမ်းကပ်ခုံအပိုင်းမှာ တိတိကျကျ ထိထားတာဖြစ်တယ်။ ဒရုန်းနဲ့ချရင် ပျက်စီးမှု အတိုင်းအတာက အခုလို တိကျမှုမျိုးမရှိနိုင်ဘဲ နေရာအနှံ့အပြားမှာ ကျရောက်ပေါက်ကွဲနိုင်တဲ့ အနေအထားမျိုး ဖြစ်မယ်။ အခုပျက်စီးတဲ့နေရာ အပိုင်းက ဗုံးကို တိတိကျကျ နေရာချထားပြီးမှ ဖောက်ခွဲခဲ့တဲ့ပုံစံ ဖြစ်နေတာတွေ့ရတယ်။ ဒီအချက်က နည်းပညာရှုထောင့်ကနေ စာရေးသူသိသလောက် ဆွေးနွေးကြည့်တာ ဖြစ်ပါတယ်။
နောက်တစ်ချက်က TNLA က သူတို့ လက်ချက်မဟုတ်ကြောင်း၊ တပ်မတော်က လုပ်တာဖြစ်ကြောင်း ထပြောတဲ့အချိန်ဟာ တံတားကြီး ဗုံးခွဲခံရအပြီး TNLA လက်ချက်ဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွေမှာ သောသောညံအောင် စွပ်စွဲပြစ်တင် ဝေဖန်ရှုတ်ချမှု တွေ တက်လာခါမှ ကမန်းကတန်းနဲ့ ကြောက်အားလန့်အား ရှင်းလင်းချက်ကို ထထုတ်ရသလိုဖြစ်နေတယ်။ ဒီအချက်တွေက Critical thinking နဲ့ ဆက်စပ်စဉ်းစားထားချက်တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။ တကယ်တမ်းစဉ်းစားရင်လည်း အမြဲ တမ်း ပြည်သူကို အလုပ်အကျွေးပြုတဲ့ နိုင်ငံရဲ့ တပ်မတော်တစ်ရပ်က ဒီလို အဖျက်လုပ်ရပ်မျိုးကို သမိုင်းအစဉ်အဆက် ဘယ်တော့မှမလုပ်ဘူး၊ ဘယ်တုန်းကမှလည်း အစဉ်အလာမရှိခဲ့ဘူးဆိုတာ ထမင်းစားသူတိုင်းသိတယ်။ လမ်းဖောက်၊ တံတား ဆောက်၊ ကျောင်းဆောက်၊ ဘုရားတည် အမြဲတမ်း ဆောင်ရွက်ပေးနေတဲ့ တပ်မတော်၊ ပြည်သူဒုက္ခ ရောက်တိုင်း ပြည်သူဘက်က အမြဲရပ်တည်တဲ့ တပ်မတော်၊ သူတို့တံတား၊ သူတို့ကာကွယ်ပေးနေတဲ့ တံတား သူတို့ပြန်ဖျက်ဆီးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊၊
ကိုလိုနီခေတ်က အင်္ဂလိပ်တွေ၊ အမေရိကန်ပညာရှင်တွေ တည်ဆောက်ပေးခဲ့တဲ့ တံတား၊ ဒုတိယ ကမ္ဘာစစ်မှာ စစ်ကြောင့် ပျက်စီးခဲ့ဖူးတဲ့ တံတား၊ နောက်ပိုင်း ပြန်လည်ပြင်ဆင်မှုတွေမှာ မြန်မာ မီးရထားအင်ဂျင်နီယာတွေနဲ့ပဲ နိုင်ငံတော်ဘတ်ဂျက်နဲ့ ပြန်လည်တည်ဆောက်ခဲ့ရတဲ့ ဂုတ်ထိပ်တံတားကြီး။ ဒီလိုနိုင်ငံပိုင်တံတားကြီးကို တပ်မတော်က ဖျက်ဆီးတယ်ဆိုတာလည်း ဖြစ်နိုင်ပါ့မလား၊ သမိုင်းမှာ နိုင်ငံနဲ့ပြည်သူအတွက် ဘယ်လမ်း၊ ဘယ်တံတားမှ မဆောက်ပေးခဲ့ဖူးတဲ့ သူပုန်အဖွဲ့တွေ၊ နိုင်ငံပိုင် ပစ္စည်းမှန်သမျှ သမိုင်းနဲ့ချီ ဖျက်ဆီးတဲ့ အစဉ် အလာရှိခဲ့တဲ့ သူပုန်အဖွဲ့နဲ့ တပ်မတော်အကြား အဖျက်နဲ့အပြု၊ ဘယ်လိုမှ မနှိုင်းယှဉ်ကောင်းပါဘူး။ ဆင်ခြင်တုံတရားအပြည့်နဲ့ စဉ်းစားရင် သတိပြုမိမှာပါ။
ဒါကြောင့် အင်မတန်ရှင်းနေပါတယ်။ နောက်ပြီး အခုလက်ရှိ တပ်မတော်ရဲ့ လုံခြုံရေး ဆောင်ရွက်ချက်တွေက နယ်မြေစိုးမိုးမှုပြန်လည်ရရှိအောင် တိုးချဲ့ ရှင်းလင်းနေတဲ့ အချိန်ပါ။ တပ်မတော်ရဲ့ တန်ပြန်စစ်ရေး ဆောင်ရွက်ချက်တွေအောက်မှာ ဖရိုဖရဲ ဆုတ်ခွာနေရတဲ့ ရန်သူဟာ တပ်မတော်ချီတက် ရှင်းလင်းရာ လမ်းကြောင်းတစ်လျှောက် တပ်မတော်ကို ဟန့်တားတဲ့အနေနဲ့ စစ်ရေးအရအချက်အချာကျ တဲ့လမ်း၊ တံတားတွေကို မိုင်းထောင်ဖောက်ခွဲ၊ ချိုးဖျက်ဆီးတဲ့ အစဉ်အလာများစွာ ကြုံခဲ့ဖူးပြီး ဖြစ်ပါတယ်။
တပ်မတော်နဲ့ အကြမ်းဖက်သောင်းကျန်းသူ ဘာကွာလဲဆိုတာ ဥပမာတစ်ခုနဲ့ ပြောပြပါမယ်။ ၁၀၂၇ MNDAA ၊ TNLA ၊ AA တို့ စစ်ရေးအရ ကျူးကျော် တိုက်ခိုက်တဲ့အချိန် အခြေအနေအရ တပ်မတော်က ဆုတ်ခွာရစဉ်မှာတောင် ရန်သူထိုးစစ်ကို ဟန့်တား တဲ့အနေနဲ့ ဘယ်တံတား၊ ဘယ်လမ်း၊ ဘယ်အဆောက် အအုံကိုမှ ဖျက်ဆီးခဲ့ခြင်း မရှိဘူး။ ပြည်သူအတွက် အခြေခံအဆောက်အအုံတွေဖြစ်လို့ပဲ။ ဒါပေမယ့် TNLA အပါအဝင် အကြမ်းဖက်အုပ်စုအများစုကတော့ တပ်မတော်လုပ်ရပ်နဲ့ ဆန့်ကျင်ဘက် ဆောင်ရွက်တတ်တဲ့ အစဉ်အလာ အမြဲရှိခဲ့တယ်။
ဒီအပြင်မှာ ဒီတံတားကြီးကို ဖျက်ဆီးရခြင်းဟာ မှန်ကန်တဲ့အကြောင်း၊ TNLA နဲ့ PDF တွေအတွက် အသုံးမဝင်ဘဲ တပ်မတော်အတွက်သာ စစ်ရေးအရ အကျိုးရှိစေတဲ့ တံတားဖြစ်တဲ့အတွက် အခုလို ဖျက်ဆီးရခြင်းဟာ မှန်ကန်တဲ့အကြောင်း၊ TNLA ကို ထောက်ခံတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားချက်တွေအရလည်း သူတို့လုပ်ရပ်ဖြစ် ကြောင်း ဘူးပေါ်သလိုပေါ်စေတာတွေ့ရပါတယ်။ သူတို့ပြောတဲ့အတိုင်းဆို တပ်မတော်အတွက် အကျိုးရှိတဲ့ တံတားဆို တပ်မတော်က ဖျက်ဆီးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ရထားပဲသွားလို့ရတဲ့ တံတားကို ရထားပိုင်တဲ့အဖွဲ့နဲ့ မပိုင်တဲ့အဖွဲ့၊ ဘယ်အဖွဲ့က ဖျက်ဆီးတာဖြစ်နိုင်မလဲ စဉ်းစားစေချင်တယ်။ ဖြစ်စဉ်ဖြစ်ရပ်တိုင်းမှာ အတိတ်၊ ပစ္စုပ္ပန်ချိန်ထိုးပြီး အမြဲစဉ်းစားတတ်ပါ စေလို့လည်း အကြံပြုချင်တယ်။
ဒီကနေ့ မြို့ရွာအဆောက်အအုံတွေ၊ ဘုရား၊ စေတီပုထိုးတွေ၊ လမ်းတွေ၊ တံတားတွေ ပျက်စီး တယ်ဆိုတာ တပ်မတော်အစိုးရ၊ အရပ်သားအစိုးရ တည်ငြိမ်ခဲ့တဲ့ ဆယ်စုနှစ်ချီ ကာလတစ်လျှောက် ဘယ်တုန်းကမှ အခုလို ပျက်စီးခဲ့ဖူးခြင်းမရှိပါဘူး။ မှတ်မှတ်ရရ PDF တွေပေါ်လာပြီး ၂၀၂၃ ရှမ်းမြောက် နဲ့ နိုင်ငံအနောက်ပိုင်းမှာ အကြမ်းဖက်သောင်းကျန်း သူတွေရဲ့ တိုက်ပွဲတွေ ဖော်ဆောင်လာခဲ့တော့မှသာ အဖြစ်ဆိုးတွေကြုံတွေ့ရတာ ဖြစ်ပါတယ်။ ဒီလို အကြောင်းအချက်တွေကြောင့် ဂုတ်ထိပ်တံတားကြီး ပျက်စီးရခြင်းအကြောင်းရင်းတရားခံက TNLA နဲ့ လက်အောက်ခံအပေါင်းပါ PDF တွေကြောင့်ပဲ ဆိုတာ ရှင်းလင်းသွားလောက်ပြီလို့ ယူဆပါတယ်။
အခုလို သမိုင်းဝင်အမွေအနှစ်တစ်ခုကို မဆင် မခြင်လုပ်လိုက်တဲ့ အဖျက်လုပ်ရပ်ကြောင့် ပညာမဲ့ TNLA နဲ့ ဓားပြသာသာ အပေါင်းပါတွေဟာ မြန်မာ ပြည်သူလူထုကြီးရဲ့ အမုန်းတရားကို ခံယူရတော့မှာ ဖြစ်ပါတယ်။ ဘာကြောင့်ပါလဲ။ ပြည်သူတွေရဲ့ အခြေခံအကျိုးစီးပွားကို ဖျက်ဆီးလိုက်ကြပြီး နောင်မျိုးဆက်သားတွေ၊ သမီးတွေအတွက် ဘယ်တော့မှ မစဉ်းစားတဲ့ လူ့ဗာလတွေဖြစ်ကြလို့ပဲ။ မြန်မာပြည်သူရဲ့အမုန်းကို ခံယူရသူတို့ရဲ့ ဇာတ်သိမ်း ဟာလည်း ဘယ်တော့မှမကောင်းပါဘူး။ အမြန်ဆုံးကျဆုံးပြီး မြန်မာ့မြေပေါ်ကနေ အပြီးပျောက်ကွယ် သွားစေချင်တဲ့ ပြည်သူတွေ များသထက်များလာနေတာလည်း တွေ့နေရတယ်။
အသိဉာဏ်မဲ့တဲ့ အဖျက်သမားမှန်သမျှ ဘယ်လို နည်းနဲ့မှ ခွင့်မလွှတ်ထိုက်ပါဘူး၊ အလျင်အမြန် ကျဆုံး ပါစေလို့ပဲ ဆန္ဒပြုကြရတော့မယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးစကားနဲ့ မထိုက်တန်တဲ့ သူပုန်အကြမ်းဖက်တွေ ထင်ထင်ရှားရှား တွေ့လာနေရပြီဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား လက်တုံ့ပြန်ဖို့ကလွဲပြီး အခြားမရှိပါပြီ။


