နယူးယောက် ဒီဇင်ဘာ ၂၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရေတပ်စစ်သင်္ဘောအုပ်စုသစ်တစ်စုတည်ဆောက်မည့်အစီအစဉ်များကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဒေါ်နယ်ထရမ့်သည် ရေတပ်အတွက် Trump-class တိုက်ခိုက်ရေးစစ်သင်္ဘောနှစ်စင်း စတင်တည်ဆောက်ရန် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ဖလော်ရီဒါပြည်နယ်တွင် ဒီဇင်ဘာ ၂၂ ရက်က သတင်းထောက်များကို ပြောကြားလိုက်သည်။ ထို့အပြင် ထရမ့်သည် သင်္ဘောများဒီဇိုင်းရေးဆွဲရာတွင် ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်္ဘောများကို နောက်ဆုံးပေါ်ခေတ်မီလက်နက်များ တပ်ဆင် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောသည်။
ယင်းစစ်သင်္ဘောများကို အမေရိကန်ပြည်ထောင်စုတွင် တည်ဆောက်သွားမည်ဖြစ်ပြီး အချိန် နှစ်နှစ်ခွဲခန့် ကြာမြင့်နိုင်ကြောင်း ထရမ့်က ပြောသည်။ ရွှေရောင်ရေတပ်စုဟု အမည်ပေးထားသော အင်အားစုတစ်ရပ် ပေါ်ထွက်လာစေရန် အဆိုပါစစ်သင်္ဘော ၂၅ စင်း ဝန်းကျင်အထိ တည်ဆောက်သွားရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သင်္ဘောတည်ဆောက်ရေးလုပ်ငန်းသည် ဟောင်းနွမ်းနေသည့် အခြေခံအဆောက်အအုံများနှင့် အခြားသောအကြောင်းရင်းများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း အမေရိကန်မီဒီယာတစ်ခုက ထောက်ပြပြောကြားထားသည်။
အင်န်အိတ်ချ်ကေ


