တာချီလိတ် ၂၀ ဖေဖော်ဝါရီ 


တာချီလိတ်မြို့ ကျက်သရေဆောင် တာချီလိတ် ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ပထမအကြိမ် ဆီမီးတစ်သောင်းကပ် လှူပူဇော်ပွဲကို ဖေဖော်ဝါရီ ၁၉ရက်  ည ၇ နာရီက စည်ကားသိုက်မြိုက်စွာ ထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။


တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်တော်တွင် ယခင်က သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်း လပြည့်နေ့များတွင် ဆီမီးတစ်ထောင်အဖြစ် ကပ်လှူပူဇော်ခြင်းများရှိခဲ့သော်လည်း ယခုလို ဆီမီးတစ်သောင်း ပူဇော်ခြင်းမှာ ပထမအကြိမ်အဖြစ် ကပ်လှူ ပူဇော်ခြင်း ဖြစ်ကြောင်း သိရသည်။

 

123


“ မြို့မိ၊ မြို့ဖတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ရပ်ကွက်ပြည်သူတွေ၊ ဌာနဆိုင်ရာတွေ ပူးပေါင်း ပူဇော်တာဖြစ်ပါတယ်။ မြို့ဖွံ့ဖြိုးရေးနဲ့ ကောင်းမှုတစ်ခုအဖြစ် ဆောင်ရွက်တာလည်း ဖြစ်ပါတယ်။ နောင်နှစ်တပိုတွဲလပြည့်နေတိုင်းအခုလို ဆီမီးတစ်သောင်း ပူဇော်နိုင်အောင် ကြိုးစားဆောင်ရွက်မှာပါ”ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောသည်။


အဆိုပါ ဆီမီးတစ်သောင်းကပ်လှူပူဇော်ပွဲသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများမှ ပူးပေါင်း၍ ဆီမီးဆက်ကပ် လှူပူဇော်ခဲ့ကြောင်း သိရသည်။ 


ဝေယံလင်း(ပြန်/ဆက်)

 

123