တာချီလိတ် ဒီဇင်ဘာ ၁၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ (၁၈)ကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာစုပေါင်း “ခါးထောင်းဖားပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ပါလျှံ(၁) ရန်အောင်မြေရပ်ကွက် တာ့ဟွာတရုတ်ဘုံကျောင်းခန်းမ၌ ကျင်းပသည်။

 

ဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ကျော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းက အာခါတိုင်းရင်းသားများသည် အာခါ “ဇန်းခေါ် ယုံကြည်ကိုးကွယ်မှု ဘာသာတရား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအပြင် ထူးခြားသည့် ဝတ်စားဆင်ယင်မှုကိုလည်း ယနေ့တိုင် ဖော်ထုတ် ထိန်းသိမ်းလျက်ရှိကြောင်း၊ “ခါးထောင်းဖား ပွဲတော်ကို စဉ်ဆက်မပြတ် ကျင်းပခြင်းဖြင့် မိမိ၏ အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ဆောင်နိုင်ကြပါစေကြောင်း အမှာစကားပြောကြားသည်။

 

ထို့နောက် အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက အာခါရိုးရာ စုပေါင်း “ခါးထောင်းဖား ပွဲတော်ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားကာ (၁၈)ကြိမ်မြောက် “ခါးထောင်းဖား ပွဲတော်အထိမ်းအမှတ် အာခါလူငယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း(ပြန်/ဆက်)