တာချီလိတ်  ၁၅ ဖေဖော်ဝါရီ


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ထိုင်းနိုင်ငံသား  အများစုပါဝင်သည့် နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အဆက်မပြတ် ဝင်ရောက်လည်ပတ်လျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ နေ့ချင်းပြန်၊ ညအိပ်ခရီးစဉ်နှင့် ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့်  (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားများ အပါအဝင် စုစုပေါင်း ၂၃၀၃၁ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။ 


နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်လျက်ရှိရာတွင်  တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၂၀၇၃၇ ဦး၊ တတိယနိုင်ငံသား (နိုင်ငံခြားသား) ၁၇၆ ဦး၊  ညအိပ်ခရီးစဉ်အဖြစ်   မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသားအများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၃၄၀ ဦး၊ ပြည်တွင်း ခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားအပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည် ၁၇၇၈ ဦး တို့ ဝင်ရောက်လည်ပတ်ခဲ့သည်။ 


အဆိုပါ ခရီးသွားဧည့်သည်များသည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်များအဖြစ် တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့များအပြင် ပြည်တွင်းပိုင်းခရီးစဉ်အဖြစ် တာချီလိတ်မြို့မှ လေယာဉ်ခရီးစဉ်ပျံသန်းသည့် ဟဲဟိုး၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုးမြို့များ မှတစ်ဆင့် အထင်ကရနေရာဒေသများသို့ သွားရောက်လည်ပတ်၍ ဘုရား ဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှ ရှုခင်းများနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာရန်  ဝင်ရောက်လာခြင်းဖြစ်သည်။


တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၈ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည် စုစုပေါင်း ၉၀၅၈၇၉ ဦး၊  မိုင်းဖြတ်နှင့်  ကျိုင်းတုံခရီးစဉ် အဖြစ် ခရီးသည် ၁၁၄၆၅ ဦး၊ တာချီလိတ်မြို့မှ ဗီဇာဖြင့် ပြည်တွင်းပိုင်းခရီးစဉ်သို့ ၂၆၃၅၈ ဦး၊ စုစုပေါင်း ၉၄၃၇၀၂ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။


ဖြိုးလေး(တာချီလိတ်)