ကဘူးလ် နိုဝင်ဘာ ၁၀

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့သည် အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း တာလီဘန်များ ထောက်ခံပေးထားသည့် ပိုလီယိုကာကွယ်ဆေးပေးရေးအစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။ ပိုလီယိုကြောင့် ကိုယ်လက်အင်္ဂါ အကြောသေခြင်းနှင့် အသက်ဆုံးရှုံးမှုတို့ ဖြစ်ပေါ်စေနိုင်သည်။

 

ပိုလီယိုရောဂါသည် ကလေးငယ်များတွင် ကူးစက်မှုများပြားသည်။ သို့သော်လည်း ကာကွယ်ဆေးဖြင့် ပိုလီယိုကို ကာကွယ်ပေးနိုင်သည်။ ကမ္ဘာပေါ်တွင် ပိုလီယိုရောဂါ အရှင်းမပျောက်သေးသည့် နိုင်ငံမှာ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့သာ ကျန်ရှိတော့သည်။ နိုဝင်ဘာ ၈ ရက်မှစတင်ကာ လေးရက်ကြာ ပိုလီယိုကာကွယ်ဆေးထိုးနှံပေးသည့် အစီအစဉ် စတင်ပြီဖြစ်သည်။ ကဘူးလ်မြို့တွင် ကျန်းမာရေးလုပ်သားများသည် အိမ်တိုင်ရာရောက် ပိုလီယိုကာကွယ်ဆေးများပေးနေသည်ကို တွေ့မြင်ရသည်။ အတိတ်ကာလက တာလီဘန်များသည် ကာကွယ်ဆေး ထိုးနှံပေးသည့် အစီအစဉ်မှာ အနောက်အုပ်စု၏ အကြံအစည်ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။

 

ယခုအချိန်တွင်မူ တာလီဘန်ခေါင်းဆောင်ပိုင်းသည် ကာကွယ်ဆေးပေးခြင်း အစီအစဉ်ပြန်လည် စတင်ရန်အတွက် ထောက်ခံအားပေးမှုများကို ပြသလာပြီဖြစ်သည်။ အချို့သောဒေသများတွင် လုံခြုံရေး စိတ်ချရစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ၎င်းတို့၏ တိုက်ခိုက်ရေးသမားများပါ လိုက်ပါမည်ဟု ကတိပြုထားသည်။

 

ယခုအချိန်တွင် တာလီဘန်တို့၏ ထောက်ခံမှု ရရှိလာသည့်အတွက် သတ်မှတ်ထားသည့် အချိန်အတွင်း ကာကွယ်ဆေး ပေးခြင်းလုပ်ငန်း ပြီးစီးမည်ဟု မျှော်လင့်ထားကြောင်း အမျိုးသမီးဝန်ထမ်း တစ်ဦးက ပြောသည်။

 

တာလီဘန်တို့ကိုင်တွယ်ထားသည့် ကျန်းမာရေးဝန်ကြီးဌာနတွင် လုပ်သားပေါင်း ၆၈၀၀၀ မှာ အိမ်တိုင်ရာရောက် စနစ်ဖြင့် ကလေးပေါင်း ၃ ဒသမ ၃ သန်းကို ကာကွယ်ဆေး ပေးမှုများ လုပ်ဆောင်မည်ဖြစ်သည်။

အင်န်အိတ်ချ်ကေ