မနက်ဖြန်ဆိုလျှင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည့် မြို့နယ်များမှ မဲဆန္ဒရှင်ပြည်သူများ မဲပေးကြရတော့မည်။ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး၊ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး မဲပေးနိုင်ရေးအတွက် အစိုးရက အဘက်ဘက်မှ ဆောင်ရွက် ပေးထားခြင်းဖြစ်ရာ နိုင်ငံသား အခွင့်အရေးတစ်ရပ် မဆုံးရှုံးစေရေး၊ နိုင်ငံသားတာဝန် ကျေပွန်ရေးအတွက် မပျက်မကွက်မဲပေးကြရန် တိုက်တွန်းလိုသည်။
ဆန္ဒမဲပေးခြင်း မပေးခြင်းသည် မဲဆန္ဒရှင်၏ ဆန္ဒအပေါ်တွင်သာ မူတည်ခြင်းဖြစ်သော်လည်း ယခုတစ်ကြိမ် မဲပေးခြင်းမှာ ဒီမိုကရေစီစနစ်ပေါ်သို့ ပြန်လည်လျှောက်လှမ်းနိုင်ရေးအတွက် မဖြစ်မနေ ဖြတ်သန်းကြရမည့် ရွေးကောက်ပွဲဖြစ်သည်ကို သတိမူကြရမည်ဖြစ်သည်။ ထို့အပြင် မိမိတို့ မဲပေးကြရတော့မည့် ရွေးကောက်ပွဲသည် နိုင်ငံအေးချမ်းသာယာရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အရေးပါသည်ကို ဆင်ခြင်မြော်တွေးကာ တာဝန်ကျေပွန်စွာဖြင့် မဲဆန္ဒရှင်တိုင်းက မဲပေးကြရန်လိုသည်။
တစ်ဖက်တွင်လည်း ပြည်သူများက ဆန္ဒမဲပေးရွေးကောက် တင်မြှောက်ခြင်းမှ အစိုးရတစ်ရပ် ပေါ်ပေါက်လာမည်ကို မလိုလားသည့် အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများစွာတို့ ရှိနေကြပြီး ပြည်သူလူထုကို မမှန်မကန် သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ခြိမ်းခြောက် ဟန့်တားမှုများ ပြုလုပ်နေကြသည်ကို သတိရှိကြရမည်ဖြစ်သည်။ ပြည်သူလူထု ရွေးကောက်တင်မြှောက်လိုက်သည့် အစိုးရဖြစ်ပေါ်လာခြင်းက အကြမ်းဖက်သောင်းကျန်းသူတို့၏ ရပ်တည်မှုကို ခက်ခဲစေမည်ဖြစ်သည့်အလျောက် နည်းအမျိုးမျိုးဖြင့် ဖျက်ဆီးရန်ကြိုးပမ်းနေကြခြင်း ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့်မူ “ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းသည် ဒီမိုကရေစီ စနစ်အပေါ် လျှောက်လှမ်းခြင်းကို ထောက်ခံခြင်းဖြစ်ပြီး မဲမပေးခြင်းသည် ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းမှုကို မထောက်ခံခြင်းပင်ဖြစ်သည်”ဟု နှလုံးသွင်းထား ကြရန်သာလိုသည်။
ထို့အပြင် မိမိတို့နိုင်ငံသည် ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတွင် စိန်ခေါ်မှုများနှင့်အတူ အခွင့်အလမ်းများလည်းရှိနေသည်။ ပြည်တွင်းအခြေအနေ အရပ်ရပ်အရလည်း နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆောင်ရွက်စရာ အများအပြား၊ စိန်ခေါ်မှု မြောက်မြားစွာတို့လည်း ရှိနေသည်။ သို့ဖြစ်ရာ မဲဆန္ဒရှင် ပြည်သူများက ရွေးချယ်တင်မြှောက် လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များမှာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသကဲ့သို့ အခွင့် အလမ်းများကိုလည်း အမိအရရယူပြီး နိုင်ငံနှင့် ပြည်သူအကျိုးစီးပွားအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်းရှိသူများ ဖြစ်ရန်လိုသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် “ဆန္ဒမဲများ ပေးရာတွင်လည်း တိုင်းပြည်နှင့် ဒေသကောင်းကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအမြင်ရှိသူ၊ လွတ်လပ်ရေးရရှိပြီးကတည်းက ယနေ့ထက်တိုင် ခိုင်မာစွာတည်ရှိနေသည့် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်း နိုင်သည့်သူ၊ ဥပဒေနှင့်ပတ်သက်၍ အသိပညာရှိသူများကို ရွေးချယ်၍ဆန္ဒမဲများ ပေးနိုင်ရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့ရာ နိုင်ငံနှင့်ပြည်သူ့ အကျိုးကိုဆောင်ကြဉ်းပေးနိုင်မည့် လူတော်လူကောင်းများ ရွေးချယ်နိုင်ရန်ပင် ဖြစ်သည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲအပိုင်း (၁) မှစကာ ရက်သတ္တနှစ်ပတ်စီခြား၍ ရွေးကောက်ပွဲအပိုင်း (၂) နှင့် အပိုင်း (၃) တို့ကို ကျင်းပပြီး ၂၀၂၆ ခုနှစ် မတ်လတွင် အစိုးရသစ် ပေါ်ပေါက်လာမည်ဖြစ်သည်ကို ပြည်သူတစ်ရပ်လုံး အတိအလင်းသိရှိထားကြပြီးဖြစ်သည်။ နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်ကို လှပစွာဖွင့်လှစ်နိုင်ရေး အတွက် မဲဆန္ဒရှင်အားလုံးက မဲရုံသို့အရောက်သွား၍ မိမိတို့၏ ဆင်ခြင်ဉာဏ်ပါသော အဖိုးတန်ဆန္ဒမဲဖြင့် ကိုယ်စားလှယ်ကောင်းများ ရွေးချယ်ကာ တာဝန်ကျေပွန်နိုင်ကြပါစေကြောင်း။


