စိုင်းဇော်လတ်(လင်းခေး)

နှစ်စဉ်တန်ဆောင်မုန်းလဆန်းသို့ ရောက်ပြီဆိုလျှင် ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ရှိ အဝေရာကုန်းသာယာမီးပုံးပျံကွင်းကြီး၏ ဝေဟင်ထက်၌ ပျံတက်နေသည့်    မီးပုံးပျံများ၊ တိရစ္ဆာန်အရုပ်မျိုးစုံ ရောင်စုံမီးပုံးပျံ အလှအပများကို တန်ဆောင်မုန်းလပြည့်ညအထိ ရှုမြင်ခံစားရစမြ ဖြစ်သည်။

ဆောင်းနှင်းတို့ဝေသည့် ထိုကာလတွင် “ပွဲတော်ည... ပွဲတော်ည... တောင်ကြီးမြို့၏ တန်ဆောင်တိုင် ပွဲတော်ည” ဟူသည့် တေးသီချင်းသံများကလည်း တောင်ကြီးမြို့တစ်ခွင်     ဘဝဂ်ညံလျက်ရှိလေသည်ကို   ခံစားရသူတိုင်းက     တောင်ကြီးတန်ဆောင်တိုင်  ပွဲတော်ကာလသို့    ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိနားလည်စေပါသည်။

ရှမ်းပြည်နယ်၏     အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးမြို့ ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ပွဲတော်နှင့်  ရိုးရာမီးပုံးပျံပြိုင်ပွဲကြီးကို   အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်ကာ နိုဝင်ဘာလ ၅ ရက် နေ့အထိ  ရှစ်ရက်တိုင်တိုင်   စည်ကားသိုက်မြိုက်စွာ  ဆင်ယင်ကျင်းပတော့မည် ဖြစ်ပေသည်။ ဤပွဲတော်ကြီးကို တောင်ကြီးမြို့ရှိ တိုင်းရင်းသားများအားလုံးက စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် ရှေးအစဉ်အလာမပျက် ကျင်းပလာခဲ့ကြသည်မှာ နှစ်ပေါင်း ၈၀ ကျော် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ပွဲတော်ကျင်းပခြင်းရည်ရွယ်ချက်

တောင်ကြီးသူ တောင်ကြီးသားတို့သည် မိမိတို့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ပန်ဆင်ကန်တော့ရန်နှင့်  မျိုးဆက်သစ်(မီးပုံးပျံ)  လူငယ်များ  မွေးထုတ်သွားနိုင်ရန်ဟူသည့်   ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။ တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်နှင့် ရိုးရာမီးပုံးပျံပွဲတော်ကြီးသည် အဆန်းတကြယ် အံ့သြဖွယ်ရာမြင်ကွင်းများကို တွေ့မြင်ခံစားနိုင်သောကြောင့် ပြည်တွင်းပြည်ပကပါ စိတ်ဝင်စားကြရသည့် ပွဲတော်ကြီးတစ်ခုဖြစ်သည့်အလျောက် ကမ္ဘာလှည့်ခရီးသွားများနွှဲပျော်ရာ ပွဲတော်ကြီးလည်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်စရာ  အထင်ကရနေရာများစွာရှိသည့်အနက် ဤတောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံ ပြိုင်ပွဲကြီးမှာ ၎င်းတို့အတွက် ထူးဆန်းအံ့ဖွယ်၊အမှတ်တရဖြစ်ဖွယ်များစွာ ဖော်ထုတ်ပေးသည့် ရှမ်းပြည်နယ် ၏ အထင်ကရပွဲတော်ကြီးဟုလည်း ဆိုနိုင်ပါသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သမိုင်းအစ

တောင်ကြီးမြို့ရှိ ရိုးရာမီးပုံးပျံ ပညာရှင်များ၏ အဆိုများအရ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို  ၁၉၄၁ ခုနှစ်တွင်  စတင်ခဲ့ပြီး  ဆယ်စုနှစ်တစ်ခု အကျော်    ၁၉၅၃ - ၁၉၅၄ ခုနှစ်တွင် ပွဲတော်တစ်ခုအဖြစ်   ကျင်းပလာခဲ့ကြသည်မှာ  ယခုနှစ်တွင်  သက်တမ်း  ၈၄ နှစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပ

နှစ်စဉ်နှစ်တိုင်း     နေ့ခင်းလွှတ်    အရုပ်မီးပုံးပျံ ခြေနှစ်ချောင်း၊   ခြေလေးချောင်း    စသည်တို့ကို တစ်ကောင်ချင်း၊ နှစ်ကောင်ချင်း သို့တည်းမဟုတ် သုံးကောင်နှင့်အထက် အုပ်စုအလိုက် အရုပ်အမျိုးမျိုး လွှတ်တင်ပြိုင်ပွဲဝင်ကြသည်။   ဖွင့်ပွဲညမှ   ပွဲတော် နောက်ဆုံးညအထိ မီးပုံးပျံပညာရှင်များ ပြုလုပ်ထားသည့် စိန်နားပန်မီးပုံးပျံ (ရောင်စုံမီးပုံးငယ်လေး များဖြင့် ပုံဖော်အလှဆင်ချိတ်ဆွဲထားသည့် မီးပုံးပျံ)များနှင့် ညမီးကြီး(ခေါ်)ယမ်း မီးပုံးပျံအလှများအား တစ်ညလျှင် အနည်းဆုံး ၁၀ လုံးမှ ၁၄ လုံးခန့်အထိ အဖွဲ့လိုက် လွှတ်တင်ပြိုင်ပွဲဝင်လေ့ရှိကြသည့် မြင်ကွင်းများကို ရင်သပ်ရှုမောခံစားကြရမည်ဖြစ်သည်။

တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်ကြီး ကို   ဆင်ယင်ကျင်းပကြရာတွင်   မီးပုံးပျံပြိုင်ပွဲများသာမက  နှစ်စဉ်နှစ်တိုင်း ကျင်းပသည့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊   မြို့တွင်းမီးပဒေသာ  လှည့်လည်ပူဇော်ပွဲ၊ မြို့လုံးကျွတ် မဟာဘုံကထိန်လှည့်လည်ပွဲ စသည်တို့မှာလည်း   တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို    ပိုမိုခမ်းနားတင့်တယ်     စည်ကားသိုက်မြိုက်ပေါ်လွင်စေပါသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံးပျံ ပြိုင်ပွဲ   ဖွင့်ပွဲအခမ်းအနား၊   ပိတ်ပွဲအခမ်းအနားမှ ပွဲတော်အစအလယ်အဆုံး ဆင်နွှဲပုံအဆင့်ဆင့် လှုပ်ရှားမှုတို့၏ ဓာတ်ပုံပြိုင်ပွဲ၊ ဝတ္ထု၊ ကဗျာ၊ဆောင်းပါးပြိုင်ပွဲ၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ၊ပိတ်ပွဲ အခမ်းအနားများ၌ အသုံးပြုသွားမည့် တေးသီချင်းပြိုင်ပွဲ အစရှိသည်တို့အပြင် တောင်ကြီးတန်ဆောင်တိုင်  အလှမယ်ပြိုင်ပွဲကိုလည်း  ထည့်သွင်းကျင်းပခဲ့ကြကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။

ထို့အပြင် ဌာနဆိုင်ရာများအလိုက် ပြခန်းများ၊ စင်တင်တေးဂီတဖျော်ဖြေပွဲ၊  ရှမ်းပြည်နယ်  ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ရှမ်းတိုင်းရင်းသားရိုးရာ အိုးစည်ဗုံမောင်း၊   တိုးနရားအက၊  ကိန္နရီကိန္နရာအကနှင့် ဓားသိုင်းအကအလှများလည်း   နှစ်စဉ် ထည့်သွင်းကျင်းပရာ ပွဲတော်ကြီးကို ပိုမိုမြိုင်ဆိုင်စည်ကားစေပါသည်။

တောင်ကြီးဒေသတစ်ဝိုက်   အေးအတူပူအမျှ အတူလက်တွဲ၍   မှီတင်းနေထိုင်လျက်ရှိကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ရိုးရာအကအလှ များ၊ ပျော်ပွဲရွှင်ပွဲအမျိုးမျိုး၊ စျေးရောင်းပွဲတော်များ ပါမကျန် စုံစုံလင်လင် ပါဝင်ကျင်းပလျက်ရှိရာ ဒေသ ၏ ယဉ်ကျေးမှုပွဲတော်ကြီးဟုလည်း ဆိုနိုင်ပါသည်။

အဝေရာ ကုန်းသာယာမီးပုံးပျံကွင်းကြီး၌ စတင်ကျင်းပ

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို စူဠာမုနိ စေတီကုန်းတော်အခြေရှိ မီးပုံးပျံကွင်းနေရာ၌ ကျင်းပခဲ့ရာမှ လက်ရှိအဝေရာကုန်းသာယာမီးပုံးပျံ ကွင်းကြီးသို့ ၂၀၀၇ ခုနှစ်တွင် စတင်ပြောင်းရွှေ့လာကာ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ်မပျက် ကျင်းပခဲ့ပါသည်။ ထိုမှ ပွဲတော်ကို သုံးနှစ်ခန့် ခေတ္တရပ်ဆိုင်းထားခဲ့ပြီး နောက် ၂၀၂၃ ခုနှစ်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီးကို ပြန်လည်ကျင်းပလာခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။

အနယ်နယ်အရပ်ရပ်မှ လာရောက်

ပွဲတော်ကျင်းပသည့်နှစ်တိုင်း တောင်ကြီးမြို့သူ မြို့သားများ၊ တောင်ကြီးနယ်တစ်ဝိုက်ရှိ ဒေသအသီးသီးနေ   တိုင်းရင်းသားပြည်သူများသာမက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ    အမြို့မြို့အနယ်နယ်မှ ပြည်သူအပေါင်းတို့က တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သို့ ဖွင့်ပွဲနေ့မှစကာ တစ်ခဲနက် လာရောက် ပါဝင်ဆင်နွှဲကြသဖြင့် အထူးစည်ကားလှပါသည်။

အထင်ကရနေရာများသို့လည်း လည်ပတ်နိုင်

အထူးသဖြင့်     တောင်ကြီးတန်ဆောင်တိုင် ပွဲတော်ကျင်းပစဉ်ကာလအတွင်း     ပွဲလာရောက်လည်ပတ်ရင်း တောင်ကြီးမြို့တွင်းသာမက ပတ်ဝန်း ကျင်အနီးရှိ ညောင်ရွှေ၊ အင်းလေး၊ပင်းတယ၊ ရွာငံ၊ ဟိုပုံး၊ ဟိုက်ပါ ရေတံခွန်၊ နောင်ဖာကန် အစရှိသည့် ရှမ်းပြည်နယ်(တောင်ပိုင်းရှိ) သဘာဝအလှ အထင် ကရနေရာများသို့လည်း သွားရောက်လည်ပတ်နိုင်ပါသည်။

ပွဲတော်ရက်ကာလအတွင်း တောင်ကြီးမြို့အတွင်းရှိ ဟိုတယ်၊ မိုတယ်များနှင့် တည်းခိုရိပ်သာများ  အသီးသီးတို့၌လည်း  တန်ဆောင်တိုင်ပွဲလာ ဧည့်သည်များ သွားလာလှုပ်ရှားကြသည်မှာလည်း ကြက်ပျံမကျ  စည်ကားလှပါသည်။  တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သို့ မရောက်ဖူးသေးသူများ လည်းလာသကဲ့သို့    ရောက်ဖူးပြီးသူများကလည်း ထပ်အရောက်လာကြသည်။   အချို့က  နှစ်စဉ်မပျက်  လာရောက်ပါဝင်ဆင်နွှဲလေ့ရှိကြသည်။

ရှေးနှစ်ပေါင်းများစွာမှသည် ယနေ့တိုင် ကျင်းပလာသည့် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးညီညွတ်ခြင်းအားကို ဖော်ဆောင်သည့်ပွဲတော်၊ ရိုးရာဓလေ့ ရှေးအစဉ်အလာမပျက် ဆင်နွှဲသည့်ပွဲတော်၊ ပြည်တွင်းသာမက နိုင်ငံတကာခရီးသွားဧည့်သည်များ အံ့သြစေသည့် ပွဲတော်ကြီးဖြစ်သော ရှမ်းပြည်နယ် တောင်ကြီးမြို့၏ မကြာမီကျင်းပတော့မည့်  “ထာဝရလှသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့   တစ်ခေါက်တစ်ခါအရောက်လှမ်းလာခဲ့ပါ”ဟု ဖိတ်ခေါ်ရေးသားလိုက်ရပါသည်။        ။