ယူအီးအက်ဖ်အေ အမျိုးသမီးယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ်မှ ဇူလိုင် ၂၀ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် နာမည်ကြီး ပြင်သစ်နှင့် ဂျာမနီအသင်းပွဲစဉ်တွင် ဂျာမနီအသင်းက ပယ်နယ်တီအဆုံးအဖြတ်တွင် ခြောက်ဂိုး- ငါးဂိုးဖြင့် နိုင်ပွဲရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်း နိုင်ခဲ့သည်။
ဂျာမနီအသင်းသည် ပွဲကစားချိန် ၁၃ မိနစ်တွင် အသင်းခံစစ်ကစားသမား ဟန်းဒရစ်ချ် အနီကတ်ပြ ထုတ်ပယ်ခံရသည့်အတွက် လက်ကျန်ပွဲချိန်များကို တစ်ယောက်လျော့ဖြင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ နာမည်ကြီး ပြင်သစ်အသင်းသည် တစ်ယောက်လျော့ ဂျာမနီအသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ခြေစွမ်းအသာဖြင့် တစ်ဖက်သတ်ဖိအားပေး ကစားနိုင် ခဲ့သော်လည်း ပြိုင်ဘက်အသင်း ခံစစ်နှင့် ဂိုးသမားတို့ကို ကျော်ဖြတ်နိုင်ခြင်းမရှိသည့်အတွက် ဆီမီးဖိုင်နယ် တက်လှမ်းခွင့် လွဲချော်ခဲ့သည်။
ဂျာမနီအသင်းသည် ပြင်သစ်အသင်း၏ ဖိအားပေးမှုကြောင့် ပုံစံကောင်း ပျောက်ဆုံးခဲ့သော်လည်း တုံ့ပြန်တိုက်စစ်ဆင်မှုများမှတစ်ဆင့် ရရှိလာသည့်အခွင့်အရေးကို အမိအရအသုံးချကာ အရေးပါ သည့် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။ အဆိုပါပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း တစ်ဖက် တစ်ဂိုးစီ သရေကျနေ၍ အချိန်ပို မိနစ် ၃၀ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ အချိန်ပိုတွင်လည်း တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် ပယ်နယ်တီအဆုံးအဖြတ် ခံယူ ခဲ့ရခြင်းဖြစ်သည်။
နာမည်ကြီး ပြင်သစ်အသင်းကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သော ဂျာမနီအသင်းသည် အမျိုးသမီး ယူရိုပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် နာမည်ကြီး စပိန်အသင်းနှင့် လာမည့် ဇူလိုင် ၂၄ ရက်တွင် ယှဉ် ပြိုင်ကစားရမည်ဖြစ်သည်။ စပိန်အသင်းသည် ကွာတားဖိုင်နယ်တွင် အိမ်ရှင်ဆွစ်ဇာလန်အသင်းကို နှစ်ဂိုးပြတ်နိုင်ပွဲရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာသည့်အသင်းဖြစ်သည်။
အောင်ဇော်


