တောင်ကြီးမြို့၏ သာယာလှပသော ရှု့ခင်းများကို Sight Seeing ကြည့်ရှုနိုင်ရန်အတွက် တောင်ကြီး  -  ပေါမူ၊ ပေါမူ  -  တောင်ကြီး ရထားခရီးစဉ်ကို တန်ဆောင်တိုင်ပိတ်ရက်များ၌ အထူးရထား ပြေးဆွဲပေးလျက်ရှိ

 

နေပြည်တော်၊ နိုဝင်ဘာ ၂၆

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ဒေသခံတိုင်းရင်း သားပြည်သူများနှင့် ပြည်တွင်း/ ပြည်ပ ခရီးသွားများ တောင်ကြီးမြို့၏ သာယာလှပသောရှုခင်းများကို Sight Seeing ကြည့်ရှုနိုင်ရန် တောင်ကြီး  -  ပေါမူ၊ ပေါမူ  -  တောင်ကြီး ရထားခရီး စဉ်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ တန်ဆောင်တိုင် ပိတ်ရက်များတွင် တောင်ကြီးဘူတာမှစတင်၍ နံနက် ၈ နာရီတွင် အထူးရထားအဖြစ် ပြေးဆွဲပေးလျက်ရှိသည်။

 

ယနေ့နံနက်ပိုင်းတွင် တောင်ကြီး  -  ပေါမူ  -  တောင်ကြီး တန်ဆောင်တိုင်ပိတ်ရက် ရထားခရီးစဉ်၌ တောင်ကြီးမြို့ရှိ ဒေသခံပြည်သူများ၊ တောင်ကြီးတန်ဆောင်တိုင် ပွဲတော်သို့ လာရောက်ကြသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများ တစ်ပျော်တစ်ပါး လိုက်ပါစီးနင်းခဲ့ကြသဖြင့် နိုဝင်ဘာလ  ၂၇ ရက်တွင်လည်း ဆက်လက်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

 

တောင်ကြီး  -  ပေါမူ ခရီးစဉ်သည် ၁၁ ဒသမ ၄၁ မိုင် ကွာဝေးပြီး ပြေးဆွဲချိန် ၁ နာရီခွဲခန့် ကြာမြင့်မည်ဖြစ်သည်။ လမ်းခရီးတွင် ဘဝသံသရာအဝိုင်း အနီးဝန်းကျင်ရှိ သဘာဝရှုခင်းအလှများကို ကြည့်ရှုခံစားနိုင်ရန် ထီသိမ်ဘူတာ၌ ၁၅ မိနစ် ရပ်တန့်ပေးမည်ဖြစ်သည်။ ပေါမူဘူတာသို့ ရောက်ရှိပါက ရထားတွဲဆိုင်းကို တောင်ကြီးဘက်သို့ ပြန်လှည့်နိုင်ရန် တွဲရွှေ့ပြုလုပ်ချိန် ၁ နာရီ ရပ်တန့်ပေးမည်ဖြစ်ပြီး ပြေးဆွဲမည့် ရထားတွဲဆိုင်းမှာ မြင်းကောင်ရေ (၂၀၀၀) အား စက်ခေါင်းဖြင့် အထက်တန်း (၂) တွဲ၊ ရိုးရိုးတန်း (၂) တွဲနှင့် ရထားထိန်းတွဲ (၁) တွဲ တို့ဖြင့် ပြေးဆွဲပေးလျက်ရှိသည်။

 

တောင်ကြီး  -  ပေါမူ ခရီးစဉ်တွင် အထက်တန်းလက်မှတ် တစ်ဦးလျှင် အသွား (၂၀၀၀) ကျပ်၊ အပြန်ခရီး (၂၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ရိုးရိုတန်း လက်မှတ်တစ်ဦးလျှင် အသွား (၁၀၀၀) ကျပ်၊ အပြန်ခရီး (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း ပြေးဆွဲပေးလျက်ရှိသည်။ တောင်ကြီးမြို့ရှိ ဒေသခံပြည်သူများ၊ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ လာရောက်ကြသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများ အနေဖြင့် စိတ်လက်အေးချမ်းပျော်ရွှင်စွာ ရထားစီးပြီး အပန်းဖြေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်