တောင်ကြီး ဒီဇင်ဘာ ၂၁

 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မင်းဝင်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တောင်ကြီးခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် များ၊ MEVM မဲပေးစက် ကြီးကြပ်ရေးနှင့် နည်းပညာအထောက်အကူ ပြုအဖွဲ့တို့မှ တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၅ အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား တွေ့ဆုံ၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ စတင်ကျင်းပမည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် တောင်ကြီးမြို့၌ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က လက်ရှိဆောင်ရွက်လျက်ရှိသည့် ရပ်ကွက်/ ကျေးရွာတွင် ကြိုတင်မဲပေးခြင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲအတွက် မဲရုံ၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် MEVM မဲပေးစက်များ အသင့် ပြင်ဆင်စုဖွဲ့ သယ်ဆောင်ဖြန့်ခွဲ ထားရှိရေး၊ မဲရုံသုံးပစ္စည်းနှင့် မဲစာရင်းအပါအဝင် အသုံးပြုရမည့် ပုံစံစာရင်းဇယားများ စနစ်တကျ ပြင်ဆင်ထားရေး၊ မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိရေးနှင့် MEVM စက်များ၊ SDကတ်၊ BU Paper နှင့် အရန်မဲပေးစက်များနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် အသေးစိတ် ရှင်းလင်းမှာကြားသည်။

 

ထို့နောက် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ တက်ရောက်လာကြသော ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးကြပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ မေးမြန်း ဆွေးနွေးချက်များအပေါ် ပြန်လည် ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)