နေပြည်တော် စက်တင်ဘာ ၂၄

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ မြို့နယ်ကျန်းမာရေးဌာနမှ ဆရာ ဆရာမများက​ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး လာရောက်ဆေးကုသနေသော ဒေသခံပြည်သူများအား ဆေးနှင့် အာဟာရပြည့် ပစ္စည်းများ ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်ကျန်းမာရေးဌာန တာဝန်ကျ ဆရာမများထံ ချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် တောင်ကြီးမြို့နယ် နားဟီး ကျေးရွာအုပ်စု ထီရီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နှင့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများနှင့် အဆိုပါကျောင်းတိုက်၌ တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံရပ်မိ ရပ်ဖများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကျေးရွာများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)