စက်တင်ဘာ ၁၆
တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှုသည် ဉရောပမှဝယ်လိုအားခိုင်မာမှုကြောင့် သုံးလဆက်တိုက်မြင့်တက်လာကြောင်း ယနေ့ဖော်ပြထားသော အစိုးရအဖွဲ့အချက်အလက်များအရ သိရသည်။
မော်တော်ယာဉ်တင်ပို့မှုသည် ယခင်နှစ်ကထက် ၈ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာကာ ဇွန်လနှင့် ဇူလိုင်လတို့တွင် ဂဏန်းတစ်လုံးတည်းတက်လာပြီးနောက် ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၀ ဘီလီယံအထိရှိလာကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနက ပြောကြားသည်။
အမေရိကန်သို့ မော်တော်ကားတင်ပို့မှုသည် ၁၅ ဒသမ ၂ ရာခိုင်နှုန်း၊ ၂ ဒသမ ၁၀ ဘီလီယံသို့ ကျဆင်းသွားသော်လည်း ဥရောပသမဂ္ဂ (EU) နှင့် ဥရောပရှိ အခြားနိုင်ငံများသို့ တင်ပို့မှုသည် ဒေါ်လာ ၇၉၂ သန်းနှင့် ဒေါ်လာ ၅၄၇ သန်းအထိ နှစ်ဆတိုးသွားခဲ့သည်။
ဩဂုတ်လတွင် ပြည်ပသို့တင်ပို့သည့် မော်တော်ယာဉ်အရေအတွက်မှာ ၂၀၀၃၁၇ ရှိပြီး ယခင်နှစ်ကထက် ၅.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနှင့် မော်တော်ယာဉ် အစိတ်အပိုင်းများ တင်ပို့ရောင်းချမှုမှာ ၈ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။
ပြည်တွင်း စက်ရုံများတွင် ထုတ်လုပ်သည့် မော်တော်ယာဉ် အရေအတွက်သည် နှစ်စဉ်သြဂုတ်လတွင် ၃၂၁၀၀၈ ရှိပြီး ၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ပြည်တွင်းထုတ်ကားများနှင့် တင်သွင်းသည့်မော်တော်ယာဉ်များအပါအဝင် ပြည်တွင်း၌ ရောင်းချသည့် ယာဉ်အရေအတွက်သည် သြဂုတ်လတွင် ၁၃၈၈၀၉ စီးရှိပြီး ယခင်နှစ်ထက် ၈.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


