ဒီဇင်ဘာ ၂၂
တောင်ကိုရီးယားနိုင်ငံ၏ပြည်တွင်းထုတ်တစ်ပိုင်းလျှပ်ကူးပစ္စည်းများသည် ခိုင်မာသောဝယ်လိုအားကြောင့် ယခုလပထမ ၂၀ ရက်အတွင်း ပို့ကုန်များဂဏန်းတစ်လုံးတိုးလာမှုကို ယနေ့ဖော်ပြထားသော အကောက်ခွန်ရုံး၏အချက်အလက်များအရ သိရသည်။
ကိုရီးယားအကောက်ခွန်ဝန်ဆောင်မှု၏ ပြောကြားချက်အရ ဒီဇင်ဘာ ၁ ရက်မှ ၂၀ ရက်အတွင်း ပြည်ပတင်ပို့မှုသည် ယခင်နှစ်ကတင်ပို့မှုထက် ၆ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၄၃ ဒဿမ ၀၃ ဘီလီယံ ရှိခဲ့သည်ဟု သိရသည်။
ရက်ပေါင်း ၂၀ အတွင်း နေ့စဉ်ပျမ်းမျှ ပို့ကုန်တန်ဖိုး ၃ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၁ ဘီလီယံ ရှိကြောင်း ဖော်ပြထားသည်။
တစ်ပိုင်းလျှပ်ကူးပစ္စည်း ပို့ကုန် ၄၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆၅ ဘီလီယံ ရှိခဲ့ပြီး မော်တော်ကား တင်ပို့မှု ၁၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၅ ဘီလီယံ ရှိခဲ့သည်။
ဒီဇင်ဘာလ၏ ပထမ ၂၀ ရက်အတွင်း တင်သွင်းမှုမှာ ၀ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၂၁ ဘီလီယံ ရှိခဲ့ပြီး ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၂ ဘီလီယံ ရှိခဲ့သည်။
ချစ်ပ်များ၊ ကားများ၊ စက်ပစ္စည်းများနှင့် မိုဘိုင်းစက်ပစ္စည်းများ တင်သွင်းမှုသည် ဂဏန်းနှစ်လုံး တိုးလာသော်လည်း သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ရေနံထွက်ပစ္စည်းများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကိရိယာများ တင်သွင်းမှုသည် ဂဏန်းနှစ်လုံး ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


