အောက်တိုဘာ ၁၇
တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ရေနံချက်စက်ရုံတစ်ရုံတွင် ဟိုက်ဒရိုဂျင်ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် ယနေ့တွင် အလုပ်သမားငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းရုပ်သံ ဝိုင်တီအင်န်က ဖော်ပြထားသည်။
အဆိုပါပိုက်လိုင်းပေါက်ကွဲမှုသည် ဆိုးလ်မြို့အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ ခန့်အကွာ Ulsan ရှိ SK Energy ရေနံချက်စက်ရုံတွင် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့် (၀၁၄၀ GMT) က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အလုပ်သမားငါးဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့အနက်လေးဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
စက်ရုံ၏ ဟိုက်ဒရိုဂျင် ထုတ်လုပ်မှု စက်ရုံများသည် အောက်တိုဘာ ၁၅ ရက်ကစတင်ကာ ပုံမှန် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နေဆဲဖြစ်ရာပိုက်လိုင်းဖွင့်နေစဉ် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ မီးလောင်သွားသည်ဟု ယူဆရကြောင်း ဖော်ပြထားသည်။
ရဲတပ်ဖွဲ့နှင့် မီးသတ်အာဏာပိုင်များက မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို သိရှိရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


